ရခိုင်မဟာဓါတ်အားလိုင်း မီးကြိုးသွယ်တန်းရာတွင် ပြည်ပမှ ရဟတ်ယာဉ်များကို ငှားရမ်းအသုံးပြုမည်

ရခိုင်မဟာဓါတ်အားလိုင်း မီးကြိုးသွယ်တန်းရာတွင် ပြည်ပမှ ရဟတ်ယာဉ်များကို ငှားရမ်းအသုံးပြုမည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်မှ စစ်တွေ၊ ပုဏ္ဍားကျွန်းနှင့် ရသေ့တောင်မြို့တို့တွင် ယခုနှစ် ဒီဇင်ဘာလအတွင်း မဟာ ဓါတ်အားလိုင်းမှ လျှပ်စစ် ဓါတ်အား စတင်ပေးနိုင်ရန် ရာတားထားရာမဟာဓါတ် အားလိုင်း ဓါတ်ကြိုးများ သွယ်တန်းရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ပြည်ပမှ ရဟတ်ယာဉ်များကို ငှားရမ်း အသုံးပြုသွားမည်ဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိမ်းက ပြောသည်။

ဇွန်လ (၁၃) ရက်နေ့က စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် သမ္မတရုံးဝန်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီးများ အပါအဝင် လဝကဝန်ကြီး ဦးခင်ရီတို့နှင့် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် ဝန်ကြီးဦးစိုးသိမ်းက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သူက “ကြိုးသွယ်ရတာ ခက်တယ်။ တိုင်ကြီးမှာ တပ်ဆင်မယ့် သံထည်တွေ တောင်ပေါ်တက်၊ တောထဲဝင်၊ မီးကြိုးကြီးတွေဆွဲ ဆိုတော့ အခက်အခဲ ရှိတယ်။ ခု ကျွန်တော်တို့ နည်းလမ်းရှာထားတယ်။ နိုင်ငံခြားက ရဟတ်ယာဉ်တွေကို ငှားပြီး သွယ်တော့မယ်။ ရဟတ်ယာဉ်နဲ့ကြိုးကြီးတွေကို မ ယူမယ်။ တိုင်တွေကို မ ပြီး  တောင်ပေါ်ကို တင်တာတို့ လုပ်တော့မယ်” ဟု ဆိုသည်။

လျှပ်စစ်ဓါတ်အားလိုင်းများ ဆက်သွယ်ရာတွင် ရခိုင်ရိုးမနှင့် တောတောင်များကို ဖြတ်ရသဖြင့် အခက်အခဲ ရှိကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ မြန်ဆန် ပြီးမြောက်စေရန် ပြည်ပမှ ရဟတ်ယာဉ်များ ငှားရမ်ကာ ဆက်လက် သွယ်တန်း သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်ပြောသည်။

လာမည့်ဒီဇင်ဘာလတွင် စစ်တွေ၊ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့များသို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးတော့မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ဆိုသည်။

“ဒီဇင်ဘာဆိုရင် ပုဏ္ဏားကျွန်းကို မီး(လျှပ်စစ်မီး)ရောက်လာမယ်။ ကြိုးစားရင် စစ်တွေကို ရောက်မယ်။ ဆက်ကြိုးစားရင် ရသေ့တောင်ကိုလည်း မီးရောက်လာမယ်”ဟု ဝန်ကြီးက ပြောသည်။

လျှပ်စစ်ဓာတ်အားရရှိပါက ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းများပေါ်ပေါက်လာမည်ဖြစ်သဖြင့် ယခု သတင်းကို ကြားရ၍ ၀မ်းမြောက်ကြောင်း၊  သို့ရာတွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားကို အကျိုးရှိရှိ အသုံးချနိုင်ရန် ရခိုင်ဒေသတွင် စက်ရုံ အလုပ်များ တည်ဆောက်ပေးရန်လိုအပ်ကြောင်း “ရခိုင်မျိုးဆက်သစ် လူငယ်” အဖွဲ့မှ ကိုသန်းလှက နိရဥ္စရာသို့ ပြောသည်။

“လျှပ်စစ်မီးရလာမယ်ဆိုတော့ ကျွန်တော်တို့ ရခိုင်သူရခိုင်သားတွေအတွက် အခွင့်အရေးတွေ အများကြီးရှိ လာနိုင်ပါတယ်။ ဒါပေမယ့် မြို့ပေါ်ရော ကျေးလက်ဒေသတွေရော အကုန်လုံး မီးရမှာလားဆိုတဲ့ မေးခွန်း ထုတ်စရာရှိတယ်။ ရခိုင်ဒေသ ဖွံ့ဖြိုးတိုး တက်ဖို့အတွက် လျှပ်စစ်မီးတစ်ခုတည်းနဲ့ အဆင်ပြေနိုင်မလားပေါ့။အဲ့ဒီ လျှပ်စစ်ဓာတ်အားကို အကျိုးရှိရှိအသုံးချဖို့ စက်ရုံအလုပ်ရုံတွေမရှိရင် အဲဒီလျှပ်စစ်မီးဟာ အသုံးမဝင် ဖြစ်သွားမယ်။ ဒါကြောင့် စက်ရုံ အလုပ်ရုံတွေပါ ဖန်တီးပေးရမယ်” ဟု သူက ဆိုသည်။

လျှပ်စစ်မီတာတစ်ယူနစ်လျှင် (၃၅)ကျပ်နှင့် သုံးစွဲခွင့်ရပါက ဒေသခံများအတွက် အဆင်ပြေ သက်သာမည်ဖြစ်ကြောင်း ကိုသန်းလှက ဆက်ဆိုသည်။

“မီတာကြေးကို ပြည်မဈေးနှုန်းအတိုင်းပေးရမယ်ဆိုရင်တော့လက်ရှိထက်အများကြီးသက်သာသွားမယ်။ ခုစစ်တွေမှာ ဖိုးသီးချိုကုမ္ပဏီက လျှပ်စစ်တစ်ယူနစ်ကို (၄၄၀)ဈေးနဲ့ ကောက်ခံနေတယ်လေ။ ခု အစိုးရဆီက (၃၅)ကျပ်လောက်နဲ့ ရနိုင်မယ်ဆိုရင်တော့ သုံးစွဲသူတွေ အများကြီးသက်သာနိုင်ပါတယ်” ဟုဆိုသည်။

IMG_20140426_122723ရခိုင်ပြည်နယ်သည် သဘာဝဓါတ်ငွေ့ အများအပြား ထွက်သော ပြည်နယ် တစ်ခု ဖြစ်သော်လည်း လျှပ်စစ်မီးကို သဘာဝ ဓါတ်ငွေ့မှ စျေးပေါပေါဖြင့် အသုံးပြုခွင့် မရဘဲဒီဇယ်ဆီကိုအသုံးပြု သော  မီးစက်ကြီးများမှ ထုတ်ယူသုံးစွဲနေကြရပြီး မီတာခ တယူနစ်ကိုလည်း ပျှမ်းမျှ ၅၀၀ ကျပ် နီးပါးဖြင့် ပေးဆောင်နေကြရသည်။

ရခိုင်ပြည်မှ ထွက်ရှိသော သဘာဝဓါတ်ငွေ့ကို တရုတ်ပြည်သို့ ရောင်းချပြီး ဒေသခံ ရခိုင်ပြည်နယ်မှာ အမှောင်ကျကာ လျှပ်စစ်မီးကိုလည်း စျေးကြီးကြီးဖြင့် ပုဂ္ဂလိက ကုမ္ပဏီများမှ တဆင့်ဝယ်ယူသုံးစွဲနေကြရ သဖြင့် ပြည်တွင်း ပြည်ပတွင် ပြည်ထောင်စု အစိုးရ၏ လုပ်ရပ်များကို ဝေဖန်မူများ ကြီးကြီးကျယ်ကျယ် ပေါ်ပေါက်နေသည်။

ယင်းနောက်ပိုင်းတွင် အစိုးရမှ ရခိုင်ပြည်နယ် လျှပ်စစ်မီး ရရှိရေးအတွက် သဘာဝ ဓါတ်ငွေ့ဖြင့်လည်ပတ် သော တာဘိုင်တာ မီးစက်ကြီးများတည်ဆောက်ပေးမည်ဟု ကတိပြု ပြောကြားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ယင်းအစီအစဉ်ကို ပြောင်းလဲကာ ယခုကဲ့သို့ မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီး ပေးရန် စီစဉ်လာခြင်း ဖြစ်သည်။

ယင်းအစီအစဉ်အရ မဟာဓါတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားကို ရခိုင်ပြည်နယ် သံတွဲမြို့နှင့် တောင်ကုတ်မြို့ များတွင် ဇွန်လအတွင်းက စတင် ဖြန့်ဖြူးပေးခဲ့သည်။

Most read this week