ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုဝန်ကြီးများ နှင့် ကိုယ်စားလှယ်များ စစ်တွေတွင် တွေ့ဆုံ

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုဝန်ကြီးများ နှင့် ကိုယ်စားလှယ်များ စစ်တွေတွင် တွေ့ဆုံ
by -
နိရဥ္စရာ

ပြည်ထောင်စုဝန်ကြီးများနှင့် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တွေ့ဆုံပွဲအခမ်း အနားတစ်ခုကို ဇွန်လ ၁၃ ရက် နေ့လည်က စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ သမ္မတရုံးဝန်ကြီးဌာနဝန်ကြီးများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း၊ ပြည်ထောင်စုဝန်ကြီးဦးတင်နိုင်သိန်း၊နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်တို့ တက်ရောက်ကာ ဆွေးနွေးခဲ့ကြသည်။ ထို့သို့ ဖွံ့ဖြိုးရေးအတွက် တွေ့ဆုံသောအခမ်းအနားပြုလုပ်ခြင်း ပတ်သက်၍ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ယခုလို ပြောသည်။

ဓါတ်ပုံ- လင်းမြတ် (နိရဥ္စရာ)

“ဒီပြည်နယ်ကို ပိုပြီး ဖွံ့ဖြိုးတိုးတက်ဖို့၊တည်ငြိမ်အေးချမ်းဖို့အတွက်ဆိုရင် ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ ပြင်ပက လူတွေခဏခဏ ထိတွေ့ဖို့လိုပါတယ်။ ထိတွေ့ရင် လိုအပ်တာတွေ၊အခြေအနေတွေကို ကျွန်တော်တို့ သိနိုင် တယ်။ဒါကြောင့်မို့ ကျွန်တော်တို့ လာရောက်တွေ့ဆုံရခြင်းဖြစ်တယ်” ဟု ဆိုသည်။

၂၀၁၂ ခုနှစ်တွင် စတင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်၏ စီးပွားရေးမှာ အထိုက်အလျောက် ကျဆင်းသွားသည်ကို တွေ့ရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက အခမ်းအနားတွင် ပြောသည်။

“ပြီးခဲ့တဲ့ ရခိုင်အမျိုးသားညီလာခံတုန်းက အဖွဲ့အစည်းအသီးသီးနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံတဲ့အခါ ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို တော်တော်များများကတင်ပြဆွေး နွေးကြပါတယ်။ ပဋိပက္ခတွေဖြစ်ပွားပြီးတဲ့နောက်မှာ စီးပွားရေးဟာ အထိုက်အလျောက်ကျဆင်းသွား ခဲ့ပါတယ်။ ကျန်တဲ့ ကဏ္ဍတွေမှာလည်း အားနည်းကျဆင်းသွားတာရှိပါတယ်။ဒါတွေကို ပြန်လည်မြှင့်တင်ဖို့ လိုအပ် နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် သံတွဲဟိုတယ်ခရီးသွားလာရေးလုပ်ငန်းနှင့် ကျောက်ဖြူအထူးစီးပွားရေး ဇုန်များကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးတင်နို်င်သိန်းက ဆက်လက်ပြောဆိုသည်။

“ဒါကြောင့်မို့ ပထမဆုံးအကြိမ်မှာ သံတွဲဟိုတယ် ခရီးလုပ်ငန်းကို မြှင့်တင်ဖို့ရှိပါတယ်။ ဒုတိယ ကျွန်တော်တို့ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို မြှင့်တင်သွားဖို့ရှိတယ်။ရခိုင်ပြည်နယ်ဟာ သယံဇာတတွေလည်း အများ အပြား ရှိတဲ့ အတွက်ကြောင့် ဒါတွေကို စနစ်တကျလုပ်ကိုင်ဆောင်ရွက်နိုင်ရင် ပြန်ပြီးတော့ ဖွံ့ဖြိုးတိုးတက် လာမှာပါ” ဟု ပြောဆိုခဲ့သည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် ရခိုင်ပြည်သူများတွေ့ကြံုခံစားနေရသည့် လုံခြံုရေး၊ ဆက်သွယ်ရေး၊ ပညာရေး၊ကျန်းမာရေးပြဿနာများ အပါအဝင် ရေရရှိရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေး၊ လမ်းတံတား တည်ဆောက်ရေး ကိစ္စများကို အဓိက ဖြေရှင်းပေးနိုင်ရန် တက်ရောက်လာသူများက ပြည်ထောင် စုဝန်ကြီးများထံ တင်ပြ တောင်းဆိုခဲ့ကြသည်။

ယင်းသို့ ဆွေးနွေးတင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ဖြေကြားခြင်းများပြုလုပ်ခဲ့ကြ သည်။

သို့ရာတွင် ယခုတွေ့ဆုံမှုမှာ အားရဖွယ်မရှိသေးကြောင်း အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်ခဲ့သူစစ်တွေ မြို့မိမြို့ဖ ဦးသန်းထွန်းက သူ၏အမြင်ကို နိရဥ္စရာသို့ ယခုလို ပြောသည်။

“ ဒီတွေ့ဆုံပွဲဟာ သိပ်အကျိုးရှိလှတယ်လို့ မမြင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ မြို့နယ်ဆယ်မြို့နယ်လောက်ကို အချိန်တိုအတွင်းမှာ မေးခွန်းသုံးလေးခု မေးရုံလောက်နဲ့ မြို့ရွာရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ခြံုငုံမိမယ်မထင်ဘူး။ မြို့နယ် တစ်မြို့နယ်စီမှာ တင်ပြစရာ ပြောပြစရာတွေအများကြီးရှိတယ်။ဒါတွေကို စိတ်ရင်းစေတနာအမှန်နဲ့ အချိန်ယူနားထောင်ပေးသင့်တယ်။ခုတော့ မြို့နယ်တွေက အကြမ်းဖျင်းပဲ တင်ပြခွင့်ရတယ်”ဟု ဆိုသည်။

ယင်းသို့ဝန်ကြီးများနှင့်တွေ့ဆုံရန် ရခိုင်ပြည်နယ်မြို့နယ်အသီးသီးမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊မြို့မိမြို့ဘများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဝင်များ၊မြို့နယ် အထောက်အကူပြု ကော်မတီဝင်များနှင့် မြို့နယ်စည်ပင်ကော်မတီဝင်များကို အဓိက ဖိတ်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးလှမောင်တင်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ် ဝန်ကြီးများ အပါအဝင် စစ်တွေမြို့ရှိ အစိုးရဌာနအသီးသီးမှ ဝန်ထမ်းများလည်း တက်ရောက်ခဲ့ကြသည်။

ယနေ့ တွေ့ဆုံပွဲ အခမ်းအနားကို စုစုပေါင်းလူ (၂၀၀)ခန့်တက်ရောက်ခဲ့ကြပြီး ညနေ(၃)နာရီ (၄၃)မိနစ် အချိန်တွင် အခမ်းအနားပြီးဆုံးခဲ့သည်။

Most read this week