မြစ်ကြီးနား ကျောက်မျက်ရတနာစျေးဖွင့်ပြီ

မြစ်ကြီးနား ကျောက်မျက်ရတနာစျေးဖွင့်ပြီ
by -
မဇ္စျိမ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျောက်မျက်ရတနာ အချောထည် ရောင်းဝယ်ရေးစင်တာကို ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ဖွင့်ပွဲလုပ်ကာ ဖွင့်လှစ်လိုက်ပြီဟု ကျောက်မျက်လုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား) ဒုဥက္ကဋ္ဌ ဦးလခရိလအောင်က မဇ္စျိမကို ပြောသည်။

အဆိုပါ ကျောက်မျက်ရတနာအချောထည်ရောင်းဝယ်ရေးစင်တာကို စီတာပူနှင့် အင်ဂျန်ဒုန်အကြား ဗလမင်းထင် စက်မှုဇုံတွင် ဖွင့်လှစ်ထားပြီး ကျောက်မျက်ရတနာ အချောထည်များ ရောင်းဝယ်ရန် ၁၄ ပေ၊ ၂ဝ ပေ ဆိုင်ခန်းပေါင်း ၁၇၆ ခန်း ပြုလုပ်ထားပြီး တခန်းလျှင် သိန်း ၂ဝဝ ကျော်မှ သိန်း ၃ဝဝ ကျော်ထိ ရောင်းဝယ်မည် ဖြစ်ကြောင်း သိရသည်။

 “အဲဒီဆိုင်ခန်းတွေကို အမိုးပဲပါတယ်။ အကာမရှိဘူး။ တနေ့ ၁ဝဝဝ နှုန်း၊ တလကို ၃ဝဝဝဝ နှုန်း ရေခွန်၊ မီးခွန်ဆိုပြီး ကောက်မယ်”ဟု ဦလခရိလအောင်က ပြောသည်။

ပြီးခဲ့သည့် နှစ်ပတ်ခန့်က ကချင်ပြည်နယ် ထွက် ကျောက်မျက်ကုန်ကြမ်း(အရိုင်းတုံး)များကို မြစ်ကြီးနားမြို့သို့ သယ်ယူခွင့်ကို သတ္တုတွင်းဝန်ကြီးဌာနက ခွင့်ပြုပေးလိုက်ပြီး ပြည်တွင်း အခွန်နှုန်းထားများ ပေးဆောင်ရမည် ဖြစ်သော်လည်း အခွန်နှုန်းထား သတ်မှတ်ခြင်း မသိရသေးကြောင်း သူက ဆိုသည်။

ကျောက်မျက်စျေး ဖွင့်ပွဲအဖြစ် ဇွန်လ ၁၄ရက် ၈နာရီက ခရစ်ယာန်ဘာသာရေးအရ ဆုတောင်းဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ်က ဥက္ကဋ္ဌ ဦးတေဇ ကိုယ်တိုင်တက်ရောက်ခဲ့သလို၊ နေပြည်တော် သတ္တုတွင်း ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ကချင်ပြည်နယ် သတ္တုတွင်းဝန်ကြီး၊ မြစ်ကြီးနား ကျောက်မျက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

ဖွင့်ပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်ချုံး၊ ပေါက်ကျန်း၊ ရင်ကျန်းစသည့် မြိုများမှ လုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့ပြီး စုစုပေါင်း လူဦး ၄ဝဝဝ ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

Most read this week