ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်က ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံးခေါင်းဆောင််တွေ နေပြည်တော်သွားပြီး သမ္မတဦးသိန်းစိန်ကို တွေ့ဆုံပါတယ်။ အဲလို တွေ့ဆုံတဲ့အခါ သူတို့အနေနဲ့ ဦးသိန်းစိန်ကို နောက်ထပ် ဒုတိယအကြိမ် သမ္မတသက်တမ်းဆက်ပြီး ဦးဆောင်စေချင်တယ်ဆိုပြီး ပြောခဲ့တယ်လို့ သတင်းဌာနတွေကို ထုတ်ပြန်ပါတယ်။
ဒီပြောစကား အလျင်အမြန်ပျံ့နှံ့ သွားပြီး ဝေဖန်မှုတွေလည်း အဆက်မပြတ် ထွက်ပေါ်လာ ပါတယ်။ ဒီစကားဘယ်လိုအဓိပ္ပာယ် သက်ရောက်မှုရှိစေပါသလဲ၊ ဒီလိုပြောလိုက်လို့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေ၊ တိုင်းရင်းသားပါတီတွေ ဘယ်လိုသဘောထားကြမလဲ၊ ဗမာအပါအဝင် ပြည်သူတွေကရော ဘယ်လိုမြင်ကြမလဲ၊ ဒါကိုဘယ်သူက တာဝန်ယူမလဲဆိုတာ ဒီကနေ့ဆွေးနွေးတင်ပြသွားပါ့မယ်။
သမ္မတ ဦးသိန်းစိန်ကို သွားတွေ့တဲ့ ကေအင်န်ယူခေါင်းဆောင်အဖွဲ့ထဲမှာ ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ စောရော်ဂျာခင်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဖဒိုမန်းငြိမ်းမောင်နဲ့ ဥက္ကဋ္ဌရဲ့ နိုင်ငံရေး၊ စစ်ရေး အကြံပေး စောတူးတူးလေးတို့ ပါ၀င်ပါတယ်။ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကိုထုတ်ပြန်ပြော ဆိုသူကတော့ ဖဒိုမန်းငြိမ်းမောင် တစ်ယောက်တည်းပါ။ သူပြောခဲ့တဲ့စကား အပြည့်အစုံကတော့-
“ဒုတိယသက်တမ်း အနေနဲ့လည်း သမ္မတကြီးဆက်ပြီး ဦးဆောင်ပါဦးဆိုပြီးတော့၊ ဘာဖြစ်လို့လဲဆိုရင် ဒီငြိမ်းချမ်းရေးဖြစ်စဉ်က သမ္မတကြီးက ဖော်ဆောင်ခဲ့တာဆိုတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို သမ္မတကြီးက အသိရှိဆုံး ဖြစ်တယ်။ ဒါကြောင့်မို့လို့ သမ္မတကြီးက ဒုတိယသက်တမ်းမှာ ဆက်ပြီး ဦးဆောင်မယ်ဆိုရင် ငြိမ်းချမ်းရေး မလွဲမသွေ ရရှိမယ်လို့လည်း ကျွန်တော်တို့ ယုံကြည်တဲ့အတွက် ဒုတိယသက်တမ်းကို ဆက်ပြီးတော့ တာဝန်ထမ်းဆောင်ဖို့ ဆိုပြီးတော့ ကျွန်တော်တို့အကြံပြုပါတယ်” ဆိုပြီး ဖြစ်ပါတယ်။
ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အစိုးရဘက် တာဝန်ရှိသူတွေကို မေးမြန်းကြည့်တော့ သမ္မတကို အဲလိုပြော ဆိုလိုက်သူဟာ ဖဒိုမန်းငြိမ်းမောင် ကိုယ်တိုင်ပဲလို့ သိရပါတယ်။ ဆွေးနွေးပွဲမသွားခင် ခေါင်းဆောင်တွေ တိုင်ပင်ပြီးမှ ပြောတာလား၊ ဒါမှမဟုတ် ကိုယ့်တစ်ဦးချင်းသဘောနဲ့ကိုယ် ပြောဆိုခဲ့တာလား မသဲကွဲပေမယ့် မီဒီယာတွေကို ပြောဆိုရာမှာတော့ “ကျွန်တော်တို့” ဆိုပြီး တောက်လျှောက်သုံးစွဲခဲ့တော့ ဒါဟာအဲဒီ ကေအင်န်ယူခေါင်းဆောင် ကိုယ်စားလှယ်အဖွဲ့ရဲ့ သဘောထားအဖြစ် အများက မှတ်ယူလိုက်ကြတာ ဖြစ်ပါတယ်။
ကောင်းပါပြီ။ ကေအင်န်ယူရဲ့ အနှစ် ၆၀ ကျော် လက်နက်ကိုင်တော်လှန်ရေး သမိုင်းကြောင်းကိုပြန်ကောက် ကြည့်ရအောင်ပါ။ စစချင်းတုန်းကတော့ ခေါင်းဆောင်ကြီး စောဘဦးကြီး ချမှတ်ပေးခဲ့တဲ့ မူဝါဒ လေးချက်အတိုင်း ကရင့်အမျိုးသားလွတ်မြောက်ရေး လမ်းစဉ်အတိုင်း သွားခဲ့တာပါ။ တိုင်းရင်းသား တန်းတူအခွင့်အရေး တိုက်ပွဲဝင်တဲ့အဖွဲ့လို့ ပြောရင် ရပါတယ်။ လက်နက်ကိုင် တိုက်ပွဲကာလတစ်လျှောက်လုံး တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်း၊ တပ်ပေါင်းစုဖွဲ့၊ ခေါင်းဆောင်မှုပေးခဲ့တဲ့ ကာလတွေလည်း ရှိခဲ့ပါတယ်။ နောက်ပိုင်းကာလတွေမှာ မြန်မာပြည်မှာ အပြောင်းအလဲဖြစ်ဖို့ရာတိုင်းရင်းသား အရေး သက်သက်ပဲ လုပ်လို့မရ၊ ဒီမိုကရေစီရေးကိုပါ အားပေးထောက်ခံရမယ်ဆိုတာ နားလည်လက်ခံလာပြီး အဲဒီအတိုင်း အကောင်အထည်ဖော်ခဲ့ပါတယ်။
အာဏာရှင်ဦးနေဝင်းကို ဆန့်ကျင်ပုန်ကန်ဖို့ ၀န်ကြီးချုပ်ဟောင်း ဦးနု ဦးဆောင်ပြီး ပြည်သူ့ပြည်ချစ်ပါတီနဲ့ လက်နက်ကိုင်တပ်ဖွဲ့တဲ့အခါ ကေအင်န်ယူက အကူအညီပေးခဲ့ပါတယ်။ ထိုင်းနယ်စပ် သူ့နယ်မြေမှာ ပြည်ချစ်တပ်ဖွဲ့တွေကို ခြေကုပ်ယူလှုပ်ရှားခွင့်ပေးခဲ့ပါတယ်။ ၁၉၈၈ မြန်မာနိုင်ငံမှာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲတွေ ပေါ်ပေါက်ပြီး စစ်တပ်က အကြမ်းဖက် အာဏာသိမ်းနှိပ် ကွပ်တဲ့အခါ ကျောင်းသားတွေ၊ ပြည်သူတွေ အတော်များများနယ်စပ်ကို ထွက်ပြေးခိုလှုံရောက်ရှိသွားကြ ပါတယ်။ အများစုကတော့ ကေအင်န်ယူ ထိန်းချုပ်နယ်မြေထဲကိုပါ။ ကေအင်န်ယူအဖွဲ့ကြီးရဲ့အားပေးမှု တွေကြောင့်ပဲ အဲဒီ နယ်မြေထဲမှာ ABSDF လို့ခေါ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦးဆိုတာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီနယ်မြေတွေထဲကနေပဲ စစ်အစိုးရကို တန်ပြန် တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။
၁၉၈၈ နောက်ပိုင်း တိုင်းရင်းသားတွေရော၊ ဒီမိုကရေစီအရေး တိုက်ပွဲဝင်တဲ့ ဗမာအများစု ပါ၀င်တဲ့ အဖွဲ့တွေ ပေါင်းစည်းပြီး ကေအင်န်ယူနယ်မြေထဲမှာပဲ DAB လို့ ခေါ်တဲ့ တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့ကြပါတယ်။ ပြောရရင် ကေအင်န်ယူဟာ သူ့သမိုင်းမှာ တိုင်းရင်းသားအရေးအတွက်သာမက ဒီမိုကရေစီရေးအတွက်ပါ ထဲထဲဝင်ဝင် ပါ၀င် တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ၁၉၈၈ နောက်ပိုင်း စစ်အစိုးရဟာ အခြားသော လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့လောက်နဲ့ အပစ်အခတ် ရပ်စဲလုပ်ခဲ့ပေမယ့် ကေအင်န်ယူကိုတော့ မြန်မာပြည်တော်လှန်ရေးရဲ့ ခေါင်းဆောင်အဖွဲ့အစည်းတစ်ခုအဖြစ် ချေမှုန်းပစ်ဖို့ အသည်းအသန် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ကြီးမားတဲ့ စစ်ဆင်ရေးနဲ့ တိုက်ခိုက်တာအပြင် စစ်ထောက်လှမ်းရေးတွေက အလွန် စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ နည်းလမ်းတွေနဲ့ ကေအင်န်ယူအဖွဲ့ကြီး အစိတ်စိတ်အမြွှာမြွှာဖြိုကွဲတောင် လုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကရင်အချင်းချင်း ရက်ရက်စက်စက် သက်ဖြက်မှုတွေ ပေါ်ပေါက်ခဲပါတယ်။
ခုဆိုရင် ကေအင်န်ယူဟာ နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခ ရပ်ဆိုင်းဖို့ ကြိုးစားနေပါပြီ။ လက်ရှိ အစိုးရ၊ တပ်မတော်နဲ့ အဆင်ပြေရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတာကလည်း အလွန်ကောင်းမွန်တဲ့ ကိစ္စပါ။ ဒါပေမဲ့ အခြားတစ်ဖက်မှာတော့ လက်ရှိတိုင်းပြည်ကို မင်းလုပ်အုပ်ချုပ်နေတဲ့ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ဟာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသူတွေ မဟုတ်ဘဲ အရင်စစ်အာဏာရှင်ကြီးက စိတ်တိုင်းကျနေရာချထား ပေးခဲ့သူတွေဖြစ်တယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ ဒီအတွက် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေ ရွေးကောက်တင်မြှောက် လိုက်တဲ့အမတ်တွေက ပြည်သူ့ဆန္ဒနဲ့အညီ ရွေးချယ်တဲ့ သမ္မတနဲ့ အစိုးရအဖွဲ့ပေါ်ပေါက်လာဖို့ကြိုးစားနေရပါတယ်။ မြန်မာပြည် ဒီမိုကရေစီအရေးဟာ စတောင်မစရသေးပါဘူး။ ဒီလိုအခြေအနေမှာ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို လျစ်လျူရှုပြီး စစ်ဘုရင်မင်းဆက်တစ်ယောက်ကို နောက်ထပ်သမ္မတ ဆက်လုပ်ပါဦးလို့ ပြောလိုက်တာဟာ ကေအင်န်ယူအနေနဲ့ ဒီမိုကရေစီအရေးကို ကျောခိုင်းသွားပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ဒီအတွက် ဦးသိန်းစိန်ကို အဲလို ပြောခဲ့တာဟာ ဖဒိုမန်းငြိမ်းမောင် တစ်ယောက်တည်းရဲ့ သဘောထားလား၊ ကေအင်န်ယူ ဥက္ကဋ္ဌ အပါအဝင် ကိုယ်စားလှယ်တစ်စုရဲ့ သဘောထားလား၊ ကေအင်န်ယူအဖွဲ့တစ်ခုလုံးရဲ့ သဘောထားလား၊ ဒါဟာ ကရင်တစ်မျိုးသားလုံးကိုရော ကိုယ်စားပြုပါသလားဆိုတာ ပြန်လည်ဆန်း စစ်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။