ANP မူဝါဒရေးရာ ရှင်းလင်းရန် ရန်ကုန်တွင် တွေ့ဆုံပွဲ ပြုလုပ်မည်

ANP မူဝါဒရေးရာ ရှင်းလင်းရန် ရန်ကုန်တွင် တွေ့ဆုံပွဲ ပြုလုပ်မည်
by -
နိရဥ္စရာ

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ကို ပူးပေါင်းပြီး တစ်ပါတီ အဖြစ် စုစည်းတည်ထောင်ထားသော ရခိုင်အမျိုးသားပါတီ (ANP)၏ မူဝါဒရေးရာ  ရှင်းလင်းပွဲ တစ်ခုကို ဇွန်လ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်သွားရန် စီစဉ်ထားသည်ဟု ပါတီ ဗဟိုကော်မတီဝင် ရခိုင်သားကြီး ဦးလှမြင့်က ပြောသည်။

ယင်းရှင်းလင်းပွဲသို့ ANP ပါတီဝင်များကိုသာမက ပါတီမိတ်ဆွေများကိုလည်း ဖိတ်ကြားသွားမည်ဟု ဆိုသည်။

ANP-template

“ ရှင်းလင်းပွဲမှာ နှစ်ဖက် ပါတီဝင်တွေကို တွေ့ဆုံပေးမယ်။ ပြီးရင် ပါတီနဲ့ ပတ်သက်တဲ့ မရှင်းမလင်းတဲ့ ကိစ္စတွေကို ရှင်းလင်းမယ်။ ပြီးရင်  ပါတီရဲ့ မူဝါဒရေးရာတွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ရှင်းလင်း ချပြသွားမယ်။ ပါတီနှစ်ခု ပူးပေါင်းထားတာနဲ့ ပတ်သက်ပြီးတော့ ပါတီဝင်တွေနဲ့ ပါတီကို ထောက်ခံတဲ့ မိတ်ဆွေတွေ ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်။ ဒီလို သိမှလဲ ပါတီဝင်တွေ တိုးလာမယ်။ ပါတီလုပ်ငန်းတွေကို အကောင်အထည် ဖော်တဲ့ နေရာမှာလဲလွယ်ကူမှာဖြစ်တဲ့အတွက် ဒီရှင်းလင်းပွဲကို ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ဦးလှမြင့်က ပြောသည်။

၎င်းတွေ့ဆုံပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီးခန်းမတွင် ကျင်းပရန်စီစဉ်ထားပြီး ရခိုင်အမျိုးသားရေးကို စိတ်ဝင်စားသူတိုင်း ပါ၀င်နိုင်ပြီး အဓိကအားဖြင့် ဧရာဝတီတိုင်းရှိ ရခိုင်လူဦးရေ ၄ သိန်းကျော်နှင့် ရန်ကုန်တိုင်းရှိ ရခိုင်လူဦးရေ ၃ သိန်းခွဲဝန်ကျင်တို့အား တက်ရောက်နိုင်ရန် ကျယ်ကျယ်ပြန့်ပြန့်ဖိတ်ထားကြောင်းသိရသည်။

နှစ်ဖက်ပါတီ ခေါင်းဆောင်းများက ရခိုင်နှစ်ပါတီကို ပူပေါင်းပြီး ရခိုင်အမျိုးသားပါတီအဖြစ် အသစ်ပြန်လည်ဖွဲ့ စည်းခဲ့ကြသော်လည်း ရခိုင်ပြည်နယ်ရှိ အချို့မြို့နယ်များတွင် မကျေလည်မူများကြောင်း သဘောထား ကွဲလွဲမူများ ပေါ်ပေါက်ကာ မြို့နယ် အဆင့် ပေါင်းစည်း ဖွဲ့စည်းနိုင် ရန် ကြန့်ကြာနေခဲ့သည်ဟု ဦးလှမြင့်ကဆိုသည်။

“ပုဂ္ဂိုလ်ရေး မကျေလည်မူတွေနဲ့ ညှိနှိုင်းတဲ့ ပုံသဏ္ဍန်ကွဲလွဲနေတဲ့အတွက် မဖြစ်နိုင်သေးတဲ့ မြို့နယ် ၃မြို့နယ် ရှိတယ်။ အခု ပါတီ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးအေးသာအောင်၊ ဦးဦးလှစော၊ ဦးကျော်မြင့်၊ ဦးခိုင်ပြည်စိုးတို့ သွားရောက် ညှိနှိုင်းပေးနေတယ်။ ကျောက်ဖြူမှလည်း အဆင်ပြေသွားပြီ၊ အမ်းမြို့နယ်မှာလည်း အဆင်ပြေ သွားပါပြီ။ ဒီနေ့ဆိုရင် မြောက်ဦးမြို့ကို သွားနေကြတယ်။ ပလက်ဝမြို့နယ်မှာလည်း ဖွဲ့စည်းပြီးသွားပါပြီ။ ဧရာဝတီတိုင်းမှာလည်း ဖွဲ့စည်းသွားဖို့ စီစဉ်ထားပါတယ်”

ယင်းရှင်းလင်းပွဲ အပြီး နောက်တစ်နေ့ ဇွန်လ ၂၉ရက် နေ့တွင် ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ် (ရန်ကုန်) ရုံးခန်းဖွင့်ပွဲ အခမ်းအနားကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယခုအခါ ဖိတ်စာများကို လိုက်လံ ဖြန့်ဝေနေပြီ ဖြစ်ကြောင်း သူကပြောသည်။

ရခိုင်ပါတီ ၂ခုဖြစ်သည့် ALD (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)နှင့် RNDP (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ) တို့သည် အမျိုးသားရေး လိုအပ်ချက်ရ၎င်း၊ ရခိုင်လူထု၏ တောင်းဆိုချက်များအရ၎င်း၊ နှစ်ပါတီကို ဖျက်သိမ်းကာ တစ်ပါတီ အဖြစ်  ရခိုင်အမျိုးသားပါတီ (ANP) အမည်နှင့် ပေါင်းစည်းခဲ့ကြသည်။

ယင်းသို့ ပေါင်းစည်းနိုင်ရေးအတွက် နှစ်ဘက်ပါတီခေါင်းဆောင်များက ၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ရခိုင်အမျိုးသားညီညွှတ်ရေး၏ သမိုင်းကဏ္ဍသစ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။

ယင်းနောက်ပိုင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရခိုင်အမျိုးသားပါတီ တည်ထောင်ခွင့်ကို ၂၀၁၄ ခုနှစ် မတ်လ ၆ရက်နေ့က တရားဝင် ခွင့်ပြုခဲ့သည်။

ALD (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်) သည် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ၌ မြန်မာတစ်နိုင်ငံလုံးတွင် တတိယ အမတ်နေရာအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်ပြီး RNDP (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ) သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်တွင် အမတ်နေရာအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။

ပါတီ နှစ်ခုကို ပေါင်းစည်းထားသော ANP ပါတီသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွှေးကောက်ပွဲတွင်လည်း ရခိုင်ပြည်နယ်အတွင်း အပြတ်အသတ် အနိုင်ရရှိရန် အလားအလာကောင်းများရှိနေပြီး တိုင်းပြည်ကို အမှန်အကန် အလုပ်အကျွေး ပြုမည့်သူများကိုသာ လွှတ်တော် ကိုယ်စားလှယ်လောင်းများအဖြစ် လူမှန်နေရာမှန် ရွှေးချယ်နိုင်ပါက ယခင်အနိုင်ရပြီးသား မြို့နယ်များတွင်သာမ  ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များတွင်ပါ အနိုင်ရရှိနိုင်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက ထင်ကြေးပေး သုံးသပ်ထားကြသည်။

ရခိုင်အမျိုးသားပါတီသည် ပါတီ၏ ညီညွှတ်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး အတွက် ပါတီညီလာခံကို ၂၀၁၄ခုနှစ် စက်တင်္ဘာလ နောက်ဆုံးအပတ်တွင် ပြုလုပ် သွားမည်ဟု ဦးအေးသာအောင်က မေလ ၁၀ရက်နေ့က နိရဥ္စရာနှင့် ပြုလုပ်သည့် အင်တာဗျူး တစ်ခုတွင်  ပြောကြားထားသည်။

Most read this week