သန်းခေါင်စာရင်းအတွက် UNPF မှ ပေါက်တောမြို့နယ်ဆရာ ဆရာမများကို ထောက်ပံ့သော ချက်လက်မှတ် ငွေထုတ်၍မရ

သန်းခေါင်စာရင်းအတွက် UNPF မှ ပေါက်တောမြို့နယ်ဆရာ ဆရာမများကို ထောက်ပံ့သော ချက်လက်မှတ် ငွေထုတ်၍မရ
by -
နိရဥ္စရာ

၂၀၁၄ ခုနှစ်မတ်လ ၂၉ ရက်နေ့မှ ဧပြီ ၁၀ ရက်နေ့ထိ သန်ခေါင်စာရင်း ကောက်ယူရာတွင် ကုလသမဂ္ဂ လူဦးရေအဖွဲ့  (UNPF) မှ ပေါက်တောမြို့နယ် ဆရာ ဆရာမများအား ပေးထားခဲ့သော ငွေလွှဲ ချက်လက်မှတ် ၃၀၀ ကျော်အတွက် ဘဏ်တွင်ငွေထုတ်၍ မရဘဲ ဖြစ်နေကြောင်း ပေါက်တောမြို့နယ်မှ ဆရာ ဆရာမများက နိရဥ္စရာ သို့ သတင်းပေးပို့သည်။

ကံပြင် ကျေးရွာ မူလတန်းကျောင်းအုပ်ဆရာကြီးမှ စုစုပေါင်း ချက်လက်မှတ် ၃၃၂ စောင်အား UNPF မှ ပေးထားခဲ့ကြောင်း၊ ယင်းချက်လက်မှတ်အား စစ်တွေရှိ ကမ္ဘောဇဘဏ်မှ သွားထုတ်ရန် ပြောထားခဲ့ကြောင်း၊ ဘဏ်သို့ ငွေထုတ်ရန် သွားရောက်ရာ  ယင်းချက်မှတ်ဖြင့် ငွေထုုတ်၍ မရကြောင်း ပေါက်တောမြို့နယ်ရှိ ဆရာ ဆရာမများပြောသည်။

ရခိုင်တွင် သန်းခေါင်စာရင်း ကောက်ခဲ့ချိန်က အစိုးရ တာဝန်ရှိသူများကို တွေ့ရစဉ်။ ( ဓါတ်ပုံ – အင်တာနက်)

“အဲဒီချက်လက်မှတ်တွေနဲ့ ငွေထုတ်လို့ မရဘူးလို့ ပြောပါတယ်။ အဲဒီချက်လက်မှတ်တွေက ကျနော့် လက်ထဲမှာ အခုအချိန်ထိ ရှိနေပါသေးတယ်။ ချက်လက်မှတ် တစ်စောင်ကို ကျပ် တစ်သောင်းခွွဲနှုန်းနဲ့ ကျပ်ငွေ (၄၉) သိန်းဖိုးကျော် ဖြစ်ပါတယ်” ဟု ဆိုသည်။

ယင်း UNPF မှ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါ၀င်သော ပေါက်တောမြို့နယ်မှ ကျောင်းဆရာ ဆရာမများအား ကျပ်ငွေ ၆၀၂၀၀ ကျပ်စီ ပထမ အရစ်အနေဖြင့် ထောက်ပံ့ပေးခဲ့ပြီး ကျန်ငွေများကို ကမ္ဘောဇဘဏ်တွင်သွားရောက်ထုတ်ယူရန် ချက်လက်မှတ် ပေးထားခဲ့သည်ဟု သူက ဆိုသည်။

“တစ်ဦးကို ကျပ်ငွေ ၆၀၂၀၀ နုန်းနဲ့ ၈၀ ရာနှုန်းထာက်ပံ့ပေးထားပြီးပါပြီ။ ကျန်တဲ့ ၂၀ ရာနှုန်းအတွက် ဆရာ ဆရာမ ၃၃၂ ဦးအတွက် ချက်လက်မှတ် ၃၃၂ စောင် ပေးထားခဲ့ပါတယ်။ ပေးတဲ့သူက UNPF က ဒေါက်တာ ထွန်းလင်းအောင်က ပေးထားခဲ့တာပါ။ အခု ထုတ်လို့မရဘူး။  ဘာာဖြစ်လို့လည်းဆိုတာကိုလည်းဘဏ်က သေချာ မရှင်းပြဘူး။ အခုတော့ ကျနော်တို့ ဒုက္ခရောက်နေကြပါပြီ” ဟု ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်ရှိ ကမ္ဘောဇဘဏ်အား ဆက်သွယ်မေးကြည့်ရာ တာဝန်ရှိသူတစ်ဦးက သူအနေဖြင့် တိတိကျကျ မသိရသေးသဖြင့် အတိအကျ မပြောနိုင်ကြောင်း၊ ဘဏ်အကောင့်တွင် ငွေရှိလျှင် ချက်လက်မှတ် အစစ်ဖြစ်ပါက မည်သူကို မဆို ထုတ်ပေးပါကြောင်း၊ ယခုကဲ့သို့ ငွေထုတ်၍ မရသည်မှာ အချက် (၂) ချက် ဖြစ်နိုင်ကြောင်း၊ တစ်ခုက ဘဏ်အကောင့်တွင် ငွေမရှိ၍ ဖြစ်နိုင်ကြောင်း၊ နောက်တစ်ခုမှာ ချက်လက်မှတ်မှာ အတု ဖြစ်နေလျှင်လည်း  ငွေထုတ်ပေးမည် မဟုတ်ကြောင်း ပြောဆိုသည်။

သို့အတွက် UNPF တာဝန်ရှိသူ မန်နေဂျာ အဆင့်ရှိသူ အမျိုးသမီးသို့ဆက်သွယ်ရာ သူမက ယခုလို ပြောဆိုသည်။

“ကျွန်မ ဒီကိစ္စကို ပေါက်တောမြို့နယ်က ဆရာ ဆရာမတွေကို သေချာ ရှင်းပြထားပါပြီ။ ကျွန်မတို့ အဖွဲ့က United Nation Population Fund ပါ။ အခု မေးနေတာက မီဒီယာကဆိုတော့ ကျွန်မမှာ ဒီထက်ပိုပြီး ဖြေကြားခွင့် မရှိပါဘူး။ သိချင်တယ်ဆိုရင် နေပြည်တော်နှင့် ရန်ကုန်မှာ ရှိတဲ့ UNPF ရုံးတွေကို ဆက်သွယ်မေးမြန်းပါ” ဟု ပြောဆိုသည်။

ယခု UNPF ထုတ်ပေးခဲ့သော ချက်လက်မှတ် (၃၃၂) စောင်မှာ အတု(သို့မဟုတ်) ဘဏ်တွင် ငွေမရှိသောကြောင့် လိမ်ချခဲ့ခြင်းrမျိုး ဖြစ်မည်ကို ပေါက်တောမြို့နယ် ဆရာ ဆရာမများက စိုးရိမ်နေကြောင်း ပြောဆိုခဲ့သည်။

Most read this week