လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲအပြီး ဒုတိယသမ္မတ တစ်နေရာအတွက် အမည်စာရင်းတင်သွင်းခံရခြင်း မဖြစ်နိုင်ဟု လွှတ်တော်အမတ်အချို့နှင့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိအချို့က သုံးသပ် ပြောကြားသည်။
“ကျွန်တော့်အထင်ကတော့ သူ(ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) ဒု-သမ္မတ လုပ်မယ်လို့ မထင်ဘူး၊ ကျွန်တော်ဆိုလည်း မလုပ်ချင်ဘူး၊ စစ်တန်းလျားမှာပဲ နေချင်တယ်” တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သူ ဦးလှဆွေက ပြောသည်။
“သူ့ရဲ့လုပ်ဆောင်ချက်တွေကြောင့် ကြိုက်တဲ့သူတွေရှိရင်တော့ မပြောတတ်ဘူး” ဟု ၎င်းက ဖြည့်စွက်ပြော သည်။
ပြည်ပအခြေစိုက်သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် ထိပ်တန်း တပ်မတော်အရာရှိများ နိုင်ငံရေးဘက်သို့ကူးပြောင်းလာဖွယ်ရှိသည်ဟုဆိုသော သတင်းနှင့်ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော် တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝေလင်းကလည်း “မရှိပါဘူး။ ခင်ဗျားတို့ ဘယ်က သတင်းတွေ ကြားနေကြလဲ မသိဘူး။ မဟုတ်ဘူး။ အဲဒါတွေ လုံးဝမဟုတ်ပါဘူး” ဟု ယတိပြတ် ငြင်းပယ်ခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အမည်မဖော်လိုသူ အဆင့်မြင့် အရာရှိကြီးတစ်ဦးကလည်း “ဒီသတင်းက အပြင်မှာပဲ ထွက်နေတာ။ တပ်ထဲမှာတော့ ငြိမ်လို့၊ ဘာသံမှ မကြားဘူး” ဟု ဆိုသည်။ “ကြိတ်ကြံနေရင်တော့ မပြောတတ်ဘူးလေ” ဟု ၎င်းက မှတ်ချက်ပြုသည်။
ယခင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အသက် ရ၀ ကျော်ထိ တာဝန်ထမ်းဆောင်ခဲ့သော်လည်း ယခုအစိုးရသစ် လက်ထက်တွင် ဥပဒေအရ အသက် ၆၀ ပြည့်ပါက စစ်တပ်မှပင်စင် ယူရမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တပ်မတော်သားအစုအဖွဲ့တို့က ဒုတိယသမ္မတလောင်း တစ်ဦးစီကို ဦးစွာ ရွေးချယ်ရသည်။