လာမည့် သုံးလအတွင်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဖဒိုမူတူးဆေးဖိုးတို့ သဘောတူခဲ့သည်ဟု KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က မဇ်္စျိမကို ဇွန် ၄ ရက်က အတည်ပြုပြောဆိုသည်။
“တပ်မတော်ဘက်က ဒီသြဂုတ်လ တစ်ရက်နေ့ကို တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအနေနဲ့ ဆောင်ရွက်ချင်တဲ့ သဘောထားကို တပ်မတော်ဘက်က ပြောပါတယ်ခင်ဗျ။ ကျွန်တော်တို့ဘက်ကလည်း ဒီတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးဆောင်ရွက်ချင်တဲ့အတွက် သဘောတူပါတယ်” ဟု ဇွန် ၄ ရက် နံနက်ပိုင်း ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံမှုတွင် ပါ၀င်သူ ၄င်းက မဇ်္စျိမကို ပြောသည်။
အခြားသော တိုင်းရင်းသားအဖွဲ့အစည်းများပါ၀င်သည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) နှင့်လည်း ယင်းကို မူအားဖြင့် သဘောတူပြီးဖြစ်သည်ဟု မြန်မာငြိမ်းချမ်းရေးစင်တာ နည်း ပညာ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ဆိုသည်။
KNU ကလည်း “ဒါကို အခြားအဖွဲ့တွေလက်ခံမယ်၊ ကျွန်တော်တို့လည်း ရှင်းပြနိုင်မယ်လို့ ယုံကြည်ပါတယ် ခင်ဗျ” ဟု ဖဒိုမန်းငြိမ်းမောင်က ပြောသည်။ KNU ဥက္ကဋ္ဌနှင့်အဖွဲ့သည် ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံ အပြီး ညနေပိုင်း၌ သမ္မတဦးသိန်းစိန်နှင့်လည်း ဆက်လက်တွေ့ဆုံခဲ့သည်။
“နိုင်ငံရေးဆွေးနွေးပွဲတွေကို ဒီနှစ်မကုန်ခင်စနိုင်ဖို့ KNU နဲ့ သမ္မတ ဆွေးနွေးခဲ့တယ်”ဟု ပါ၀င်တက်ရောက်သူ ဦးလှမောင်ရွှေက ပြောသည်။
ယင်းကို ဖဒိုမန်းငြိမ်းမောင်ကလည်း အတည်ပြုခဲ့ပြီး အဖွဲ့အစည်းအားလုံးပါ၀င်နိုင်ရန် ကြိုးစားသွားမည်ဟု ဆိုသည်။ သမ္မတနှင့် KNU တွေ့ဆုံမှု ငါးကြိမ်မြောက်အရောက်တွင် ယင်းကိုဆွေးနွေးကြခြင်းဖြစ်သည်။
သုံးလအတွင်း အပစ်ရပ်လက်မှတ် ရေးထိုးရန်ကိုမူ ကာကွယ်ရေးဦးစီးချုပ်နှင့်KNU ဥက္ကဋ္ဌတို့ ခြောက်ကြိမ် မြောက်တွေ့ဆုံအပြီး သဘောတူခဲ့ကြခြင်းဖြစ်သည်။ KNU ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇွန် ၄ရက် နံနက် ၁၀ နာ ရီမှ ၁၂နာရီ ခွဲခန့်အထိ ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့ပြီး ညနေ ၅နာရီမှ ၆ နာရီခန့်အထိ သမ္မတ၏ လယ်တောအိမ်တွင် တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။ ဇွန် ၅ရက်တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းနှင့်KNU ဥက္ကဋ္ဌတို့ တွေ့ဆုံရန်စီစဉ်ထားသည်။