တရုတ် - မြန်မာ နယ်နိမိတ် တိုင်းထွာ စိုက်ထူ ခဲ့သည့် မှတ်တိုင် များအား နှုတ်ယူ ဖျက်ဆီးသော ဆန္ဒပြသူ ဒေသခံ များကို ဇွန်လ ၃ ရက်နေ့က နမ့်ခမ်း မြို့နယ်အုပ် ချုပ်ရေးမှူးက ခေါ် ယူ တွေ့ဆုံ သတိပေး တားမြစ် ခဲ့ပါသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ဆန္ဒပြခဲ့ကြသော တောင်သူ လယ်သမား များအား ခေါ်ယူကာ ယာယီသတ်မှတ်ထားသည့် နယ်နိမိတ်မျဉ်းအား ထိပါးခြင်း မပြုဘဲ လယ်ယာခြံမြေများကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်သွားဖို့ သတိပေးချက်နှင့်အတူ ဆွေးနွေးခဲ့ခြင်းဖြစ် ကြောင်း လယ်ယာမြေဆုံးရှုံးခဲ့သူ စိုင်းအာရ်ရှဲန့် ပြောသည်။
“ရွာဘက်ကို အဆမတန် ကျူးကျော်လာရောက်စိုက်ထူတဲ့ နယ်နိမိတ် မှတ်တိုင်တွေကို ကျနော်တို့ နှုတ်ပစ် တယ်။ မီးရှို့ပစ်ကြတယ်။ ကျနော်တို့လုပ်ရပ်ကို မြို့နယ်အာဏာပိုင်တွေက ခံပြင်းတာလားတော့မသိ။ မနေ့က ဆန္ဒပြသူတွေကိုခေါ်ယူဆွေးနွေးတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း ပေါ့။ အခုချိန်အထိ နှစ်ဦးနှစ်ဘက် သဘောတူ တာဘာမှမရှိသေးဘူး လို့ပြောတယ်။ မိုင်တိုင် စိုက်ထားရုံဘဲလို့ပြောတယ်။ အဲတာ ကြောင့် နှုတ် ပစ်တဲ့တိုင်တွေကို ပြန်စိုက်ပေးပါတဲ့။ ဒီနေ့ကစပြီး ဘယ်သူမှ ဒီကိစ္စ ဆန္ဒမပြရဘူးလို့ နှုတ်နဲ့သတိပေး လိုက်သေးတယ်” ဟု စိုင်းအာရ်ရှဲန့် ကပြောသည်။
ယမန်နေ့ ညနေပိုင်းတွင်လည်း ရွာသားများက အဆိုပါမိုင်တိုင်များအား ဆွဲနှုတ်ကာ မီးရှို့ဖျက်ဆီးခဲ့သည့်အပေါ် တရုတ်ဘက်မှအာဏာပိုင်တချို့ လာရောက်ကြည့်ရှုကာ အစားထိုးစိုက်ထူသွားခဲ့သေးကြောင်းမျက်မြင်ဒေသခံ များကပြောသည်။
နယ်မြေတိုင်းတာရေးနှင့်ပတ်သက်၍ နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက “ ကျနော်တို့ ၂ နိုင်ငံစလုံးက ဂျီဘီအက်စ်သုံးတယ်။ ဂြိုလ်တုနဲ့ထောက်တယ်။ မြေပုံနဲ့တကွတိုင်းတာပါတယ်။ အတည်ပြုသတ် မှတ်ဖို့ကကျနော် တို့ အဆင့်ဆင့်တင်ပြရဦးမှာပါ။ သူတို့ကလိုအပ်ရင် ထပ်ပြီး တိုင်း တာဦးမှာပေါ့။ ဒါနှစ်နိုင်ငံ နှစ်ဘက် အကြိမ် ကြိမ် တွေ့ဆုံညှိနှိုင်းရမယ့်ကိစ္စပါ။ တောင်သူ လယ်သမား တွေအတွက်ကတော့ အခုတိုင်း တာ တာဟာ ယာယီ သာဖြစ်သေးတဲ့အတွက် အိန္ဒြေမပျက်လယ်ယာ စိုက်စားသွားစေချင်ပါတယ်။ နှစ်ဘက်အတည်ပြုပြီး တော့မှ လယ်သမားတွေနဲ့ ပြန်လည် ညှိနှိုင်းရမှာပါ” ဟု သျှမ်းသံတော်ဆင့်အား ပြောဆိုပါသည်။
ရွာသားများတိုင်တမ်းချက်အရ ကျားဖြူပါတီ ကျားခေါင်းပါတီပူးပေါင်း၍ ကွင်းဆင်းလေ့လာသွားမည်ဖြစ် ကြောင်း၊ တောင်သူလယ်သမားများလယ်ယာမြေမဆုံးရှုံးရလေအောင် လွှတ်တော်အမတ်များနှင့် တိုင်ပင်ဆွေးနွေးသွား မည်ဖြစ်ကြောင်း၊ နယ်ခြားမှတ်တိုင်တိုင်းထွာရေးမှ ယာယီစိုက်ထူထားသည့် နယ်ခြားမှတ်တိုင်များ ကျူးကျော် သတ်မှတ်မှုမဖြစ်ပွါးရလေအောင် လွှတ်တော်အတွင်း ဆွေးနွေးရသည်အထိ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံ ကျားဖြူပါတီအတွင်းရေးမှူး စိုင်းထွန်းလှကပြောပါသည်။
တရုတ်နိုင်ငံ ပြည်ပရေးရာဆက်ဆံရေးဌာနနှင့် နယ်နိမိတ်တိုင်းတာရေးအဖွဲ့ အင်အား ၁၄ ယောက်နှင့် မြန်မာနိုင်ငံ နယ်နိမိတ်တိုင်းတာရေးဌာန ညွှန်မှူး ဦးချမ်းအေး ဦးဆောင်သော အင်အား ၁၇ ဦး အဖွဲ့ အပြင် မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်း မြေစာရင်း ဦးစီးမှူး ဦးဝင်းမြင့်သန်း စိုက်ပျိုးရေးဦးစီးမှူး ဦးမြတ်မင်းထွေးတို့က တရုတ်- မြန်မာ နယ်နိမိတ်ကို မေလ ၂၇ ရက်မှ ၃၀ ရက်နေ့အထိ တိုင်းတာ ခဲ့ကြခြင်းဖြစ်ကြောင်းသိရပါသည်။