မတရားအသင်းပုဒ်မနှင့် ဖမ်းဆီးခံထားရသည့် ကချင်ဒုက္ခသည်သုံးဦးကို ဖောက်ခွဲမှုဖြင့် ထပ်မံအမိန့်ချမည်

မတရားအသင်းပုဒ်မနှင့် ဖမ်းဆီးခံထားရသည့် ကချင်ဒုက္ခသည်သုံးဦးကို ဖောက်ခွဲမှုဖြင့် ထပ်မံအမိန့်ချမည်
by -
မဇ္စျိမ

မတရားအသင်းနှင့် ဆက်သွယ်မှု၊ ဖောက်ခွဲမှုတို့ဖြင့် ထောင်ကျခံနေရသူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ရွှေစက်ကျေးရွာ စစ်ပြေးဒုက္ခသည်စခန်းမှ စစ်ပြေးဒုက္ခသည် ဦးဘရန်ရုန်၊ ဦးလဖိုင်ဂမ်နှင့် ဦးလရိန်တို့ သုံးဦးကို ဖောက်ခွဲမှု ၆ မှုဖြင့် မြစ်ကြီးနားခရိုင် တရားရုံး ၂ခုတွင် ထပ်မံ အမိန့်ချမှတ်မည်ဟု ရှေ့နေဦးဂျီမာခါး က ပြောသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်က ဦးဘရန်ရုန်းက ဖောက်ခွဲမှု ၄မှု၊ ဦးလဖိုင်ဂမ်က ဖောက်ခွဲမှု ၃မှုနှင့် ဦးလရိန်က ဖောက်ခွဲမှု ၁မှုတို့ဖြင့် စွဲဆိုထားမှုအပေါ် ရှေ့နေများက အပြီးသတ် လျှောက်လဲချက်ပေးခဲ့ပြီးနောက် လာမည့် ဇွန် ၅ ရက်တွင် မြစ်ကြီးနားခရိုင် တရားရုံး ၂ခုက သုံးကြိမ်မြောက် အမိန့်ချမှတ်မည် ဖြစ်သည်။

“အရင်တခေါက် ဖောက်ခွဲမှုနဲ့ချတာက ခရိုင်ရုံးမှာ ဗုံးပေါက်ခွဲတယ်ဆိုပြီးချတာ။ အခုက ဗလမင်းထိန်တံတား၊ မီးရထားသံလမ်း၊ ကျိန်ခရန်တံတား အမျိုးမျိုးဗုံးဖောက်ခွဲတယ်ဆိုပြီးတော့ သူတို့အမှုအားလုံးပေါင်း ၆ မှုနဲ့ ခရိုင်ရုံး နှစ်ခုမှာ သန်းဘက်ခါ နောက်ဆုံးအမိန့်ချမယ်”ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်က မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် ၂ နှစ်ချစီ ချမှတ်ခဲ့ပြီး ထိုနှစ် ဒီဇင်ဘာလ ၁၉ ရက်တွင် ဖောက်ခွဲမှုဖြင့် မြစ်ကြီးနားခရိုင်တရားရုံးက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့ရာ စုစုပေါင်း ထောင်ဒဏ် ရနှစ်စီ အသီးသီး ချခံနေရခြင်း ဖြစ်သည်။ သို့သော် သူတို့ သုံးဦးထဲက ဦးလရိန်မှာမူ ထောင်ဒဏ် ၄နှစ် ချခံနေရသည်။

“တရားရုံးကတော့ စရဖတွေ စစ်ကြောချက် ယူတဲ့အချိန်မှာ သူတို့က ပေါက်ကွဲမှု လုပ်တယ်ဆိုပြီးဝန်ခံတယ် ဆိုပြီး တရားစွဲထားတာ”ဟု ရှေ့နေဦးဂျီမာခါးက ဆက်ပြောသည်။

ထိုသို့ တရားရုံးက ချမှတ်ခဲ့သည်ကို မတရားဟုဆိုကာ အယူခံကို မြို့နယ်၊ ခရိုင်နှင့် ပြည်နယ် တရားလွှတ် တော်ရုံးများသို့ အဆင့်ဆင့် လျှောက်လဲခဲ့သော်လည်း ပယ်ချခံခဲ့သဖြင့်  ပြီးခဲ့သည့် မေလ ၅ ရက်က နေပြည်တော် တရားလွှတ်တော်ချုပ်သို့ အယူခံ ဝင်ခဲ့သည်။ ၄င်းအမှုအယူခံကို လာမည့် ဇွန်လ ၁၇ ရက်နေ့မှာ အပြီးသတ်လျှောက်လဲချက်ပေးမည် ဖြစ်ကြောင်း ရှေ့နေဦးဂျီမာခါးက ပြောသည်။

၎င်းတို့၏ အမှုကို တရားလွှတ်တော် ရှေ့နေ ဦးဥဗျစ်ဘောမ်မိုင်က အကျိုးဆောင်ပေးနေကာ ရှေ့နေ ဦးဂျီမာခါး က လိုက်ပါကူညီပေးနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ဇွန်လ ၁၂ ရက်က သူတို့ သုံးဦးသည် ရွှေစက်ဒုက္ခသည်စခန်းတွင် ခိုလှုံနေစဉ် ကွဲျ၊နွား ကူမောင်းပေးရန် အကူလိုက်ပါသွားစဉ် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ခံ တပ်ရင်း ၂၇ တာလောကြီးကျေးရွာရှိ အစိုးရ၏ စစ်ကြောင်းမှ ဗိုလ်ကြီး စိုးပိုင်နှင့် အဖွဲ့က KIA အဖွဲ့ဝင်များ ဖြစ်သည်ဟု ဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

Most read this week