UWSA ထိန်းချုပ်နယ်မြေအနီး စစ်အင်အား နှင့် သံချပ်ကာကားများ ထပ်မံ ရောက်ရှိ

UWSA ထိန်းချုပ်နယ်မြေအနီး စစ်အင်အား နှင့် သံချပ်ကာကားများ ထပ်မံ ရောက်ရှိ
by -
သျှမ်းသံတော်ဆင့်

UWSA ထိန်းချုပ် နယ်မြေအနီး မြန်မာအစိုးရတပ်မတော်စစ်သည်အင်အားများနှင့် သံချပ်ကာကားများ မေလ နှောင်းပိုင်းမှ အင်အား ဖြည့်တင်းရောက်ရှိလာကြောင်း ဒေသအတွင်း စစ်ရေးစောင့်ကြည့် လေ့လာသူများ ကပြောသည်။

၂၀၁၄ မေလ အတွင်း တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) မှတဆင့် သံချပ်ကာကား များနှင့် စစ်ယာဉ်တန်းများ - သံလွင်အနောက်ခြမ်း ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နယ်ခွဲ၊ မိုင်းရှူးမြို့နယ် မိုင်းစံ မြို့နယ်ခွဲဘက်သို့လည်းကောင်း၊ ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ် မှ တိုက်ပွဲဝင် သံချပ်ကာကားများ နှင့် စစ်အင်အားများ မက်မန်းမြို့နယ်ဘက်သို့လည်းကောင်း ပို့ဆောင်ထားသည်ဟု မျက်မြင်များကပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း တြိဂံတိုင်းမှ UWSA ထိန်းချုပ်နယ်မြေဘက်သို့ တက်သွားသည့်စစ်ကား

“သံလွင်အရှေ့ခြမ်းကနေ လာတာလည်းရှိတယ်။ တောင်ကြီးကနေ ဟိုပုံး ပြီးတော့ ကွန်ဟိန်းကနေ ကာလိ ဘက်သွားတာ ၁၂ စီးရှိတယ်။ အဲဒါက ၂၁-၂၂ ရက်နေ့တုန်းက။ စစ်သည်တင်တဲ့ စစ်ကားကြီး တွေလည်းပါ တယ်။ မိုင်းစံဘက်သွားတာ။ လကုန်ပိုင်းက ကာလိဘက်ပြန်လာတာတော့ ကားအလွတ်ကြီးဘဲ အစီး ၂၀ လောက်ရှိတယ်” - ဟု တော်လှန်ရေးသမားဟောင်း စိုင်းဆိုင်က ပြောသည်။

မြန်မာအစိုးရ တပ်မတော်ဘက်မှ ဝ နယ်ဘက်သို့ စစ်အင်အား ပို့ဆောင်ထားသည်ဟု သတင်းထွက်ရှိနေ သော်လည်း ၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဖိအားပေးကာလ ကဲ့သို့ ဝ ပြည် သွေးစည်းရေး တပ်မတော်ဘက် စစ်ရေးပြင်ဆင်မှု မရှိကြောင်း၊ ဂျွန် ၂၆ ရက်နေ့ ကမ္ဘာ့မူးယစ် ဆေးဝါး တိုက်ဖျက်ရေးနေ့ ဂုဏ်ပြုရေးအတွက်သာ ဝ အာဏာပိုင်များ အာရုံစိုက်နေကြောင်း ရှေ့တန်းတပ်စခန်းတာဝန်ကျ ဝ အရာရှိ ဆိုင်းနပ်က ဤကဲ့သို့ ပြောသည်။

“ကျနော် မက်မန်းဘက်ရောက်တယ် အစိုးရတပ် သံချပ်ကာကားတွေ တကယ်တွေ့တယ်။ ကျနော်တို့ သတင်းတပ်ဖွဲ့လည်း တောင်ကြီးကနေ စစ်ကားတွေ တိုက်ပွဲဝင်သံချပ်ကာကားတွေ ကျနော်တို့ဘက်လာတယ် ဆိုတာ သတင်းပို့တယ်။ ကျနော်တို့ ဘက်ကတော့ ပုံမှန်ဘဲ။ ဌာနချုပ်ဘက်က အင်အားလဲ ထပ်မလာသေး ဘူး၊ ထူးခြားချက် မရှိနိုင်သေးဘူးလို့ထင်တယ်”  - ဟု ဆိုသည်။

မိုင်းရှူးမြို့ရောက် ပြည်သူ့စစ်ခေါင်းဆောင်တဦးက- သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ် နယ်မြေနှင့် UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေအကြား သံလွင် အနောက်ခြမ်း မိုင်းရှူးမြို့နယ်နှင့် တန့်ယန်းမြို့နယ်၊ သံလွင်အရှေ့ခြမ်း မက်မန်းမြို့နယ် သုံးမြို့နယ်အတွင်း အစိုးရ စစ်သည်အင်အား တပ်ရင်းပေါင်း ၂၀ ရင်း ထက်မနည်းရှိကြောင်း၊ တပ်အပြောင်းအရွှေ့ကာလ ဟုဆိုသော်လည်း အထွက်ထက် အဝင်အင်အားက ပိုများကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။

၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့သည် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် တပ်ဖွဲ့များဖြစ်ကြသည်။

Most read this week