အမှိုက်များကို အသုံးပြု၍ စစ်တွေမြို့လမ်းတိုးချဲ့နေ

အမှိုက်များကို အသုံးပြု၍ စစ်တွေမြို့လမ်းတိုးချဲ့နေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ကားလမ်းအချို့ကို ကားနှစ်စီးသွားနိုင်ရန် အတွက် ဘေးဝဲယာ တစ်ဘက် တစ်ချက်စီကို တိုးချဲ့နေရာ ယင်းသို့တိုးချဲ့နေရာတွင် အောက်ခံကို မြေသားအား အသုံးမပြုဘဲ စစ်တွေ စျေးကြီးမှစွန့်ပစ်အမိိှုက်များကို အသုံးပြုကာ တိုးချဲ့ ပြုပြင်နေကြောင်း သိရသည်။

မြေသားအမာကို ရလို၍ ယခုလို အမှိုက်များဖြင့် လမ်းခင်းနေခြင်း ဖြစ်ကြောင်း နာဇီရွာရပ်ကွက် စက်ရုံလမ်းမကြီးကို အမိူက်များဖို့ပြီး လမ်းလုပ်နေသည့် စည်ပင်မှ အလုပ်သမားခေါင်းဆောင် တစ်ဦးက ပြောသည်။

စစ်တွေမြို့ နာဇီရွာရပ်ကွက် စက်ရုံ လမ်းမကြီးကို အမိူက်များဖြင့် ဖါထေး ပြုပြင်နေစဉ် (ဓါတ်ပုံ- နိရဥ္စရာ)

“ဒီလမ်းမှာကားကြီးနှစ်စီးသွားလို့ရအောင်အတွက် ကားဘီးတစ်လုံးစာ လမ်းခုံးကို လုပ်ဆောင်နေတာပါ။ အမှိုက်တွေမှာပါတဲ့ မြေသားတွေကို မဆုံးရှုံးရအောင် စစ်တွေ စျေးကြီးက အမှိုက်တွေနဲ့ ဒီလမ်းခုံးကို ပြုလုပ်နေတာပါ။ အမှိုက်တွေကို နှစ်ရက်လောက် ထားလိုက်ရင် မြေသားတွေဟာအောက်ဖက်ကို ရောက်သွားပြီး မြေသားအမာကို ရရှိတဲ့အတွက်ကျွန်တော်တို့ အသုံးပြုရတာပါ” ဟု သူက ပြောသည်။

၎င်းလမ်းကို ၂၀၁၄ ခုနှစ် မေလ ၅ ရက်နေ့က စတင် တိုးချဲ့နေသည်ဟု သိရသည်။

အမည်မဖေါ်လိုသူ ဒေသအတွင်းက အင်ဂျင်နီယာ အငြိမ်းစား တစ်ဦးကမူ ယခုကဲ့သို့ အမိူက်များကို အသုံးပြုပြီး လမ်းခင်းသည်ကို တစ်ခါမှ မကြားဖူးပါကြောင်း၊ ယခုကဲ့သို့ လမ်းအောက်ခံကို မြေသားကို အသုံးမပြုဘဲ အမှိုက်များကို အသုံးပြုပါက လမ်းအရည်အသွေး ကောင်းမွန်မည် မဟုတ်သည့်အပြင် များမကြာမီ ပျက်စီးသွားနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

ထို့ပြင်လူနေအိမ်နှင့်နီးကပ်နေသောနေရာများတွင် ထိုသို့ စွန့်ပစ်ဓါတုပစ္စည်းများပါ၀င်သည့် အမှိုက်များကို အသုံးပြု၍ လမ်းလုပ်ခြင်းသည် လူထုကျမ်းမာရေးကိုဆိုးရွားစွာထိုက်စေနိုင်သည်ဟု စစ်တွေမှ သဘာဝပတ်ဝန်းကျင် လေ့လာသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

SAM 0853

“ဆိုးကျိုးသက်ရောက်မူတွေလည်း အများကြီး ဖြစ်ပေါ်နိုင်ပါတယ်။ နိုင်ငံတာကာမှာ စွန့််ပစ်ပစ္စည်းတွေကို စနစ်တကျ စွန့်ပစ်နေချိန်မှာ ကျနော်တို့ နိုင်ငံမှာ လမ်းလုပ်တဲ့ နေရာမှာ ဒီလို အမှိုက်တွေကို အသုံးပြုတာဟာ မဖြစ်သင့်ပါဘူး။ လူထုရဲ့ ကျန်းမာရေးကိုလည်း မျက်ကွယ်ပြုရာ ရောက်ပါတယ်”ဟုဆိုသည်။

အဆိုပါ အမှိုက်ခင်းလမ်းတွင် တရက်လျင် ၃ ထောင်ကျပ်ဖြင့် လုပ်နေခြင်းဖြစ်သည်ဟု လမ်းလုပ်ရာတွင် ပါ၀င်သူ အလုပ်သမားတစ်ဦးကပြောသည်။

“ အထက်က လူကြီးတွေက ဒီဟာ လုပ်ဆိုရင် ကျနော်တို့က လုပ်ရတာဘဲ။ ဒီလို အမှိုက်တွေကို လမ်းခင်းတဲ့အတွက် ဘာဖြစ်လာမလဲ။ ကောင်းမလား- ဆိုးမလား။ ဒါတွေကို ကျနော်တို့ မသိပါ။ မနက်ရနာရီကနေ ့ ညနေ ၅နာရီခွဲထိ ခိုင်းတာကို လုပ်နေတာပါဘဲ” ဟု ဆိုသည်။

Road-Build

ယခုကဲ့သို့စွန့်ပစ် အမိိူက်များကို အသုံးပြုပြီး လမ်းခင်းပါက ဆိုးကျိုးနှင့် ကောင်းကျိုး မည်သို့ ရှိနိုင်မည်ကို သက်ဆိုင်ရာ အထက်လူကြီးများမှ အမြန်ဆုံး စီစစ်ရန် လိုအပ်နေကြောင်း ဒေသခံများ ပြောဆိုသည်။

Most read this week