မုတ်သုန်မိုးအဝင်နောက်ကျ၍ သံတွဲတွင် ရေရှား

မုတ်သုန်မိုးအဝင်နောက်ကျ၍ သံတွဲတွင် ရေရှား
by -
နိရဥ္စရာ

မုတ်သုန်မိုး အဝင်နောက်ကျနေသဖြင့် ရခိုင်ပြည်နယ် သံတွဲမြို့ ရပ်ကွက် အချို့တွင် ရေရှားနေ၍ မဘသ (အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့) မှ ရေများလာရောက် လှူဒါန်းနေကြရကြောင်း သတင်း ရရှိသည်။

“အဓိက ရေရှားနေတာက ကျနော်တို့နေတဲ့ သံတွဲမြို့ တစ်ဘက်ကမ်း ဒွာရဝတီမြို့သစ်မှာ ဖြစ်ပါတယ်။ မဘသ အဖွဲ့ကနေ ကားကြီးတွေနဲ့ ရေတွေနေ့တိုင်း လာရောက်လှူဒါန်းနေပါတယ်” ဟု ဒွာရဝတီ မြို့သစ်ရပ်ကွက်မှ ခိုင်သဇင် မုန့်တိုက်နေ ဦးမြင့်စိုးက ပြောသည်။

narinjara03061403

ယခုကဲ့သို့ ရေလှူဒါန်းမှုကြောင့် ဒွါရဝတီ မြို့သစ်နေ လူထုအနေဖြင့် ရေဒုက္ခမှ ကင်းဝေးပြီး တစ်စုံတစ်ရာ အတိုင်းအတာထိ အဆင်ပြေကြသည်ဟု ဆိုသည်။

၎င်းရေများကို ရေပေါသောနေရာမှ မဘသ အဖွဲ့မှ ကားတစ်စီး ကျပ်တစ်သောင်းခွဲနှုန်းဖြင့် ၀ယ်ယူပြီး လာရောက်လှူဒါန်းနေကြသည်ဟု သိရသည်။

“ဒီငွေတွေကို စင်္ကာပူကိုရောက်နေကြတဲ့ ဒွာရဝတီမြို့သစ်က လူတွေ စုပေါင်း လှူဒါန်းကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ မွန်မြတ်တဲ့ အလှူအတန်းအတွက် ကျနော်တို့ မဘသ အဖွဲ့က ကြားဝင် ကူညီ ဆောင်ရွက် ပေးတာသာ ဖြစ်ပါတယ်။ သူတို့က ပိုပြီးကျေးဇူးရှိပါတယ်” ဟု မဘသ အဖွဲ့ အလုပ်အမူဆောင်ကော်မီတီ အဖွဲ့ဝင် ဦးဝင်းနိုင်က ပြောသည်။

သံတွဲမြို့တွင် ရေအထူးရှားပါးနေသော နေရာများမှာ ဒွာရဝတီမြို့သစ်၊ ညောင်ပင်စျေး၊ တလင်းဆိပ်၊ သွေးကျောက်တို့ ဖြစ်ကြပြီး တစ်နေ့ကို (၃) ကြိမ်နုန်းဖြင့် လှူဒါန်းနေကြရသည်ဟု သူက ဆက်ဆိုသည်။

“ ကျွန်တော်တို့ လှူနေတာ ၅ ရက်ရှိပါပြီ။ တစ်နေ့ သုံးကြိမ်နှုန်းနဲ့ လှူဒါန်းပါတယ်။ နောက်ထပ်လည်း မိုးမရွာရင် ဆက်လက် လှူဒါန်းသွားမှာပါ” ဟု ဆိုသည်။

narinjara03061404

ဒွာရဝတီမြို့သစ်မှာ သံတွဲ တစ်ဘက်ကမ်းတွင် တည်ရှိပြီး အောင်သပြေဆည်မှ ရေကို အသုံးပြု ကြရသည်။ အောင်သပြေဆည်တွင် ရေခန်းခြောက်သွားသဖြင့် လွန်ခဲ့သော သုံးရက်ခန့်မှ စ၍ ရေပေးဝေနေမှုကို ရပ်တန့်လိုက်သည်ဟု သိရသည်။

ယမန်နေ့က သံတွဲတွင် မိုးတပြိုက်နှစ်ပြိုက် ရွာသွန်းခဲ့သဖြင့် ရေအနည်းငယ် ကန်များတွင် တင်ကျန်ခဲ့ သော်လည်း ယင်းရေများကို သောက်သုံးမည်ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်သည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် မိုးရေချိန်လက်မ အများဆုံး ရွာသွန်းသော ပြည်နယ် တစ်ခု ဖြစ်သော်လည်း နှစ်စဉ် နွေရာသီ ရောက်တိုင်း နေရာ အနှံ့အပြားတွင် ရေရှားလေ့ရှိသဖြင့် ရေအကျိုး ဆယ်ပါးကို မျှော်ကိုးပြီး သက်ဆိုင်ရာ အစိုးရအာဏာပိုင်များက ရေမရှားရအောင် စီစဉ်ဆောင်ရွက်ပေးရန် ရခိုင်ပြည်သူများက လိုလားနေကြသည်ဟု သတင်း ရရှိသည်။

Most read this week