အရည်အသွေး မပြည့်မှီသည့် လမ်းခင်းမှုကို ကန့်ကွက်ဆန္ဒဖော််ထုတ်ခွင့် လျှောက်ထားချက် ငြင်းပယ်ခံရ

အရည်အသွေး မပြည့်မှီသည့် လမ်းခင်းမှုကို ကန့်ကွက်ဆန္ဒဖော််ထုတ်ခွင့် လျှောက်ထားချက် ငြင်းပယ်ခံရ
by -
နိရဥ္စရာ

နိုင်ငံတော် အစိုးရမှ ပြည်သူများ ဆန္ဒဖေါ်ထုတ်ခွင့်တင်လာပါက အတတ်နိုုင်ဆုံး ခွင့်ပြုပေးရန် ညွှန်ကြားထား သော်လည်း  မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ကျွဲတဲရွာအနီးရှိ ပီပင်ရင်း-နန်းတက် ကျောက်ချောလမ်း ခင်းလုပ်ငန်းအပေါ် ဒေသခံများက စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ရန် လျှောက်ထားခြင်းကို ငြင်းပယ်လိုက် သည်။

၂၀၁၄ ခုနှစ် ဇွန်လ(၁)ရက်နေ့တွင် ဒေသခံများက ၎င်းလမ်းနှင့် ပတ်သက်ပြီး လူပေါင်း (၁၅၀) ခန့်က ဆန္ဒထုတ်ဖော်ခွင့်ပြုရန် မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးထံသို့ တင်ပြတောင်းဆိုခဲ့သည်။  မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မေလ(၂၇)ရက်စွဲပါ စာအမှတ်- ၁၀၁၂(၀၃)/၁၁၀/ ဦး ၁ ဖြင့် ဆန္ဒထုတ်ဖော်မည့်ကိစ္စကို ငြင်းပယ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

ကျွဲတဲရွာအနီးရှိ ပီပင်ရင်း-နန်းတက် ကျောက်ချောလမ်းခင်းနေစဉ် (ဓါတ်ပုံ- နိရဥ္စရာ)

မြောက်ဦးမြို့နယ် ရဲစခန်းမှ ဆန္ဒဖေါ်ထုတ်ခွင့်ကို ငြင်းပယ်ရသည့် အကြောင်းအရင်းကို ယခုလို ရေးသားထားသည်ဟုဆိုသည်။

“၎င်း ကျောက်ချောလမ်းမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အနီးကပ်ကြပ်မတ်ဆောင်ရွက် လျှက်ရှိသော လမ်းဖြစ်ကြောင်း၊ လမ်းအရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မှီမှုရှိမရှိ ၊ဘဏ္ဍာရေးစည်းမျည်း စည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်းရှိ မရှိ ကို သက်ဆိုင်ရာ ဌာနအဆင့်ဆင့်မှ ကျွမ်းကျင်သော အင်ဂျင်နီယာများအား စာရင်းစစ်ရုံးမှ သီးသန့်တာဝန်ပေးအပ်ကာ စစ်ဆေး ဆောင်ရွက်မည် ဖြစ်၍ ဆန္ဒဖေါ်ထုတ်ခွင့်တင်ပြချက်ကို ငြင်းဆိုရခြင်းဖြစ်ကြောင်း”  ရဲစခန်း၏ ငြင်းပယ်အမိန့်တွင် ဖော်ပြထားသည်။

ပီပင်ရင်း-နန်းတက်လမ်း ကျောက်ချောလမ်းခင်းလုပ်ငန်းကို ထက်မိုးပွင့် ကုမ္ပဏီနှင့် ရွှေမြင့်မိုရ် ကုမ္ပဏီ တို့က တာဝန်ယူတည်ဆောက်ခဲ့ကြရာ ကုမ္ပဏီများ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ဒေသခံပြည်သူ များမှ ကျေနပ်မှုမရှိသဖြင့် ဆန္ဒထုတ်ဖော်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ကျွဲတဲရွာမှ အငြိမ်းစား အင်ဂျင်နီယာမှူးကြီး ဖြစ်သူ ဦးဦးဘစောက နိရဥ္စရာသို့ ပြောသည်။

“နိုင်ငံတော်ရဲ့ ခွင့်ပြုရန်ပုံငွေနဲ့ ထိုက်တန်တဲ့ ကျောက်ချောလမ်းကောင်းတစ်ခုရရှိဖို့ ဆန္ဒထုတ်ဖော်မှာပါ။ လမ်းဆောက်လုပ်တဲ့ နေရာမှာအရည်အသွေးမပြည့်မှီတဲ့ ကျောက်တုံးတွေသုံးထားတယ်။ သတ်မှတ်ချက်အတိုင်း အလွှာလိုက် အဆင့်ဆင့်မခင်းဘဲ တောင်မြေအမာတုံးတွေကို သုံးပြီး ဖြစ်သလို ခင်းထားတယ်။ လမ်းအထူကလည်း (၈)လက်မလောက်ပဲ ရှိတယ်။ဒါကြောင့် တာဝန်ယူလုပ်နေတဲ့ ကုမ္ပဏီတွေကို ဆန္ဒပြဖို့ တင်ခဲ့ကြတာ ” ဟု သူက ပြောဆိုသည်။

ယင်းကျောက်ချောလမ်းခင်းရန်အတွက် နိုင်ငံတော်အစိုးထံမှ ဘက်ဂျက်ငွေ(၃၁၄၆.၉ ကျပ်သိန်းချထား ပေးခဲ့ရာ အေးမြင့်မိုရ် ကုမ္ပဏီမှ ကျပ် ၂၃၄၆.၉ သိန်း၊ ထက်မိုးပွင့် ကုမ္ပဏီမှ ကျပ် (၁၁၀၀) သိန်းစီဖြင့် ကန်ထရိုက် ရရှိခဲ့ပြီး လမ်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီမှ ဦးအေးမောင်သန်းက ပြောသည်။

ပီပင်ရင်း-နန်းတက် ကျောက်ချောလမ်းမှာ ၂၀၁၄ ခုနှစ်မတ်လတွင် နောက်ဆုံးထားပြီး ပြီးစီးရမည်ဖြစ် သော်လည်း (၂) လကျော်လာသော်လည်း ပြီးစီမူမရှိဘဲ ဖြစ်နေသဖြင့် ဒေသခံများပြည်သူများ အကြားတွင် သံသယများ တိုးပွားနေသည်ဟု ဦးဦးဘစောက ဆိုသည်။

ယင်းလမ်းကိစ္စနှင့် ပတ်သက်၍ ယနေ့ မြောက်ဦးမြို့နယ် စည်ပင်ရုံးတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဝန်ကြီး ဦးတင်ငွေ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဒေသခံများ ဆွေးနွေးရာ ဒေသခံများ၏ တောင်းဆို မှုများကို ကုမ္ပဏီများမှ လိုက်လျောပေးမည်ဟု နှုတ်ကတိပေးထားသည်ဟု သိရသည်။

သို့အတွက် ဆန္ဒထုတ်ဖော်မည့် ကိစ္စကို အချိန်တစ်ပတ်ခန့် ရွှေ့ဆိုင်းထာဦးမည်ဖြစ်ကြောင်း ဦးဦးဘစောက ပြောဆိုသည်။

ရခိုင်ပြည်နယ် အတွင်း နိုင်ငံတော် ဘတ်ဂျက်ငွေဖြင့် လမ်း၊ တံတားနှင့် အဆောက်အဦးအများအပြားကို ဆောက်လုပ်နေကြရာ အများစု ကုမ္ပဏီများမှာ သက်ဆိုင်ရာ ပြည်နယ်အဆင့် ၀န်ကြီးများ၊ ဒေသအတွင်းမှ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဆင့် တာဝန်ရှိသူများနှင့် နားလည်မူယူကာ နှစ်ပေါက် တစ်ပေါက် ရိုက်စား လုပ်နေကြသဖြင့် နေရာဒေသ အများအပြားတွင် လမ်းတံတားများမှာ အရည်အသွေး မပြည့်မှီဘဲ ဖြစ်နေပြီး  ပြဿနာများလည်း ပေါ်ပေါက်နေသည်ဟု နိရဥ္စရာက စုံစမ်း သိရှိရသည်။

Most read this week