ကချင် တစ်ကြော့ပြန်စစ် ၃ နှစ်ပြည့်သည့် မေ ၉ ရက်တွင် ပြည်တွင်း၊ ပြည်ပရှိ ကချင် တိုင်းရင်းသားများ နေထိုင်ရာ မြို့များတွင် Global Campaign အဖြစ် စစ်ပွဲများ ချက်ခြင်းရပ်ရန် အဖွဲ့အစည်းများ လက်မှတ်ထိုးထားသော တောင်းဆိုချက်ကို သက်ဆိုင်ရာ နိုင်ငံအစိုးရများထံ ပေးပို့သွားရန် စီစဉ်ထားသည်ဟု ကချင်ငြိမ်ချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက မဇ္ဈိမ ကိုပြောသည်။
မြန်မာနိုင်ငံတွင် မြစ်ကြီးနား၊ ဗန်းမော်၊ မန္တလေး၊ ရန်ကုန် စသည့်မြို့များနှင့် မလေးရှား၊ ထိုင်း၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်၊ သြစတေးလျနိုင်ငံတို့တွင် ပြုလုပ်ရန် စီစဉ်ထားပြီး ဖြစ်ကာ ဒိန်းမတ်နှင့် နယ်သာလန် နိုင်ငံများရှိ အဖွဲ့အစည်းများမှာ ညှိနှိုင်းထားဆဲဖြစ်သည်။
ဒေါ်ခွန်ဂျာက "ရန်ကုန်မှာကတော့ ဆန္ဒပြတာမျိုးတွေ မလုပ်ပါဘူး။ လူငယ်တွေက သီချင်းဆိုမယ်၊ အကတွေနဲ့ ကာတွန်းဆရာတွေ ရေးဆွဲထားတဲ့ ငြိမ်းချမ်းရေး အထိမ်းအမှတ် ကာတွန်းတွေကို ပြသွားမှာပါ ၊ နယ်တွေမှာတော့ ဆုတောင်းတဲ့ ပုံစံမျိုးတွေ လုပ်ကြလိမ့်မယ်” ဟု ပြောသည်။
မေ ၂၁ ရက်က အရပ်ဖက်အဖွဲ့အစည်း ရ၃ ဖွဲ့က စုပေါင်းလတ်မှတ်ရေးထိုး၍ တိုက်ပွဲများ ရပ်ဆိုင်းကြပြီး နှစ်ဖက်အရေးပေါ် တွေ့ဆုံဆွေးနွေးကြရန် အပါအဝင် တောင်းဆိုချက် ၁ဝ ခုပါ တောင်းဆိုကြေငြာချက်များကို ဇွန်လ ၉ ရက်တွင် သမ္မတရုံး၊ လွှတ်တော်နှင့် ကာကွယ်ရေးဦးစီးချူပ်တို့ထံ ပေးပို့သွားမည်ဖြစ်သည်။
ကချင်ငြိမ်းချမ်းရေးကွန်ရက်၏ စီစဉ်ထားချက်များအရ ရန်ကုန်မြို့တွင် မဟာဗန္ဓုလပန်းခြံ၊ ပြည်သူ့ရင်ပြင်၊ အင်းလျားကန်ဘောင်တို့တွင် ပြုလုပ်သွားမည်ဟု ဆိုပြီး ကြေညာချက် ထုတ်ခြင်းနှင့် ဆုတောင်းခြင်းများကို စမ်းချောင်းမြို့နယ်ရှိ ကချင်ဘုရားကျောင်းတွင် ပြုလုပ်သွားကြမည်ဖြစ်သည်။