ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ကို မပြင်ရန် လှုံ့ဆောင်သည့် စာရွက်များ မန္တလေးမြို့ရှိ မြို့နယ် ၅ ခုတွင် နေအိမ်ရှေ့များ၊ ပါတီရုံးရှေ့များနှင့် လမ်းမများပေါ်တွင် လိုက်လံဖြန့်ဝေထားသည်ဟု မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုင်းလှသိန်း က မဇ္ဈိမကိုပြောသည်။ ယင်းစာရွက်များကို မည်သို့သော အဖွဲ့အစည်းက လိုက်လံ ဖြန့်ဝေထားသည်ကိုမူ မသိရပေ။
"အခုမနက်ပိုင်း ၅ နာရီက တွေ့တယ်လို့ ပါတီဝင်တွေက သတင်းပို့ထားပါတယ်။ အိမ်ရှေ့တွေ လမ်းမတွေ ပြီးတော့ ရပ်ကျေးရုံးရှေ့တွေမှာ ချသွားတယ်လို့သိရတယ်။ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ မစွပ်စွဲချင်ဘူး။ ဒါမျိုးတွေက စစ်အစိုးရလက်ထက်မှာလည်း လုပ်နေကြပါ။ NLDရဲ့ ဗီနိုင်းတွေ စတေကာတွေပေါ်မှာလည်း ဖြန့်ဝေစာတွေ ကပ်သွားပါတယ်။" ဟု ဒေါက်တာစိုင်းလှသိန်းက ပြောသည်။
အဆိုပါဖြန့်ဝေထားသော စာရွက်ထဲတွင် "ဒေါ်အောင်ဆန်းစုကြည်က သမ္မတ လုပ်ချင်စိတ် တစ်ခုကြောင့် နိုင်ငံအတွက် အရေးပါသည့် ၅၉ (စ)ကို မရမက ပြင်ဆင်ရန် ဆုံးဖြတ်ထားသည်။ သို့သော် ၅၉(စ)ကို ပြင်ဆင်ရန် အဓိကအတားအဆီးမှာ ဖွဲ့စည်းပုံပြင်ဆင်ခွင့် ဥပဒေ ပုဒ်မ ၄၃၆ ဖြစ်သည်။ ထို့ကြောင့် ပုဒ်မ ၄၃၆ကို ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ရည်ရွယ်ပြီး ဒေါ်စုကိုယ်တိုင် ဦးဆောင်ကာ NLD မှ လက်မှတ်ကောက်ခံနေခြင်းဖြစ်သည်။ အရှင်းဆုံး နားလည်အောင် ပြောရလျှင် ၄၃၆ ကိုဒေါ်အောင်ဆန်းစုကြည် ပြင်လိုသည်မှာ နိုင်ငံစီးပွားရေးအတွက်မဟုတ်၊ နိုင်ငံတိုးတက်ဖို့အတွက်မဟုတ်၊ လူထုအတွက် မဟုတ်ဘဲ ၎င်းသမ္မတ လုပ်နိုင်ရေးအတွက်သာဖြစ်သည်"ဟု စွတ်စွဲချက်များကို ရေးသားထားသည်။
ယင်းအပြင် "၄၃၆ ကိုဘာကြောင့်မပြင်သင့်တာလဲ"ဟူသော ခေါင်းစဉ်ဖြင့် အချက်လေးချက်ပါဝင်သည့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေး ရေးသားထားသော အရေးအသားများကိုလည်း ရေးသားထားသည်။
အဆိုပါ လက်ကမ်းစာစောင်များ ပစ်သွားသည်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ တုံ့ပြန်သွားမည်မဟုတ်ဟု ဒေါက်တာစိုင်းလှသိန်းက ဆက်လက်ပြောသည်။
မဟာအောင်မြေ ချမ်းမြသာစည်မြောက်ရပ်ကွက်မှ ဒေါ်နှင်းပပ ကလည်း "မနက်တံခါးဖွင့်တော့ ဒီစာရွက်ကိုတွေ့ တာပဲ။ ရပ်ကွက်ထဲက လမ်းတွေထဲမှာ စာရွက်တွေ တွေ့တယ်လိုပြောနေကြတယ်။ ဒါမျိုးလုပ်တာကို နားမလည်ဘူး ။သတ္တိရှိရင် အခုစာဖြန့်နေတဲ့သူတွေလည်း ၄၃၆ မပြင်ဖို့ ခုံချပြီး လက်မှတ်ထိုးကောက်လေ။ ဒါမျိုးလုပ်တယ်ဆို လက်သင့်ခံတယ်။ အခုဟာ ပုဆိုးခြံုထဲကနေ လက်သီးပြတယ်လို့ ထင်တယ်။" ဟုပြောသည်။
ယင်းစာရွက်များကို မေလ ၃ဝ ရက် နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ဖြန့်ဝေခဲ့သည်ဟု မန္တလေးတိုင်း NLD အဖွဲ့ချုပ် မှ ပြန်ကြားရေးတာဝန်ခံ ဦးလှကောင်းကပြောသည်။
"ဒါကျွန်တော်တို့ဆီကို မြို့နယ်နဲ့ ရပ်ကျေး ရုံးက သတင်းပို့ထားတဲ့ စာရင်းပါ။ ကျွန်တော်တို့ ဗဟိုကို သတင်းပို့ဖို့လုပ်နေတယ်။ ပြန်ညွှန်ကြားလာတဲ့အပေါ် မူတည်ပြီးဆောင်ရွက်သွားမှာပါ။" ဟုဦးလှကောင်းက ပြောသည်။