အစိုးရနှင့် ကေအိုင်အိုတို့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ အတည်ပြု ဖွဲ့စည်းပြီး တစ်လတစ်ကြိမ် တွေ့ဆုံမည်

အစိုးရနှင့် ကေအိုင်အိုတို့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ အတည်ပြု ဖွဲ့စည်းပြီး တစ်လတစ်ကြိမ် တွေ့ဆုံမည်
by -
မဇ္စျိမ

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)တို့  နှစ်ဖက်သဘောတူဖွဲ့စည်းမည့် ပဋိပက္ခညှိနှိုင်းဖြေ ရှင်း ရေးအဖွဲ့တွင် တဖက် ငါးဦးစီပါဝင်သော နှစ်ဖက် အဖွဲ့များကို မေလ ၂၈ ရက်က ဖွဲ့စည်းလိုက်ပြီဟု ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးရုံးမှ ဒုရဲအုပ် ထွန်းမင်းအောင်က မဇ္စျိမကို ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မေလ ၁၃ရက်က ကေအိုင်အိုနှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်က အဆိုပါအဖွဲ့ကို ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကာ မေလ ၂၁ ရက်တွင် အပြီးသတ်ဖွဲ့ ရန် စီစဉ်ခဲ့သော်လည်း မဖြစ်မြောက်ခဲ့သည့်အတွက် ယခုအချိန်မှ ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ဒုရဲအုပ် ထွန်းမင်းအောင်က "ဒီအဖွဲ့ရုံးခန်းကို မြစ်ကြီးနားမြို့က ကေအိုင်အို နည်းပညာ အထောက်အကူပြုအဖွဲ့ (Technical Team) ရုံးခန်းမှာ ဖွင့်ပြီးတော့ တစ်လကို တစ်ကြိမ်တွေ့ဆုံဖို့ သဘောတူခဲ့ပါတယ်” ဟု ပြောသည်။

အစိုးရအဖွဲ့ဘက်က ငါးဦးတွင် ခေါင်းဆောင်အနေဖြင့် ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်၊ အဖွဲ့ဝင်များ အဖြစ် မြောက်ပိုင်းတိုင်း စစ်ဌာနချူပ်မှ ဒုဗိုလ်မှူးကြီး နိုင်အောင်၊ ဗိုလ်မှူး ကျော်ထက်အောင်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စန်းယု၊ ပြည်နယ် အုပ်ချူပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးလှဝေတို့ ပါဝင်သည်။

ကေအိုင်အို ဘက်က အဖွဲ့ဝင်များတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဗဟိုဌာနချူပ်မှ ဗိုလ်မှူးကြီး ဇော်သောင်၊ ဗိုလ်မှူးကြီး ခွန်နောင်၊ ဗိုလ်မှူးကြီး နော်လီ၊ ဗိုလ်မှူး သိန်းဘောမ်နှင့် ကေအိုင်အေ Technical Team က တစ်ဦးတို့ ဖြစ်သည်။

အဆိုပါ ပဋိပက္ခဖြေရှင်းရေး အဖွဲ့သည် အခြေခံမှု ငါးချက်နှင့် စည်းကမ်းချက် ၁၈ချက်တို့ကို ရေးဆွဲ မည်ဖြစ်သည်။ ထိုသို့ နှစ်ဖက်စလုံးပါဝင်၍ ဖွဲ့စည်းလိုက်ခြင်းသည် ၂ဝ၁၃ခုနှစ် အောက်တိုဘာ ၁ဝရက်က သဘောတူညီချက်ပါ ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေး ယန္တာရား ပထမအဆင့်ကို အကောင်ထည်ဖော် လိုက်ခြင်းဖြစ်သည်။

Most read this week