အစိုးရနှင့် NCCT အကြား ဒုတိယမူကြမ်း ရရှိခဲ့သော်လည်း ဖယ်ဒရယ်အပါဝင် အရေးကြီးအချက်များ ညှိနှိုင်းရန် ကျန်ရှိနေသေး

အစိုးရနှင့် NCCT အကြား ဒုတိယမူကြမ်း ရရှိခဲ့သော်လည်း ဖယ်ဒရယ်အပါဝင် အရေးကြီးအချက်များ ညှိနှိုင်းရန် ကျန်ရှိနေသေး
by -
နိရဥ္စရာ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးဆိုင်ရာ တိုင်းရင်းသား ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးအတွက် ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲတွင် ဒုတိယမူကြမ်းတစောင် ရရှိပြီး ဖယ်ဒရယ်အပါအဝင် အရေးကြီး အချက်အချို့ ညှိနှိုင်းရန် ကျန်ရှိနေသေးကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြားတွင် အပစ်ရပ်မူကြမ်းတစ်ခုတည်းရရှိရန်အတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို မေလ ၂၁ရက်နေ့မှ ၂၃ရက်နေ့အထိ ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) တွင် နှစ်ဘက်ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

narinjara26051403

“သိပ်များများတော့ မကျန်ပါဘူး။ ဒါပေမယ့် တော်တော်အရေးကြီးတဲ့ဟာတွေ ကျန်တယ်။ သူ့ဘက် ကိုယ့်ဘက် သတိကြီးစွာထားပြီးတော့ ကာကွယ်ထားတဲ့ ကိစ္စတွေရှိတယ်။ အဲဒီကိစ္စတွေကိုတော့ ကျနော်တို့လည်း ကျေကျေ လည်လည် ပြောပြီးပြီ၊ ဘယ်လိုအခြေခံတရားကြောင့် ဖြစ်တယ်ဆိုတာကို” ဟု ဆွေးနွေးပွဲအပြီးတွင် NCCT မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာ ပြောသည်။

ဒို့တာဝန် အရေးသုံးပါး၊ လွှတ်တော်ပြင်ပ နိုင်ငံရေးဆွေးနွေးပွဲစသည့်အချက်များနှင့် တစ်ချို့ ဝေါဟာရ အဓိပ္ပါယ် ဖွင့်ဆိုချက်များမှာ ယခုတစ်ကြိမ် အတည်ပြုနိုင်ခြင်း မရှိခဲ့ပဲ အစိုးရ(UPWC)ဘက်မှ သမ္မတ၊ ကာချုပ်အပါအဝင် အထက်လူကြီးများကို တင်ပြဆွေးနွေးရဦးမည့် အချက်များဖြစ်သည်။

“အစိုးရဘက်ကနေပြီးတော့ လက်မခံတဲ့ အချက်တွေတော့ မရှိဘူး။ ဒါပေမယ့် အတည်မပြုနိုင်ဘူး သို့မဟုတ် ဆွေးနွေးပွဲမှာပါတဲ့  ခေါင်းဆောင်တွေ လက်ခံရင်တောင်မှ အထက်လူကြီးတွေ လက်မခံရင် ခက်တယ်။ မဖြတ်နိုင်တဲ့ဟာတွေတော့ ရှိတာပေါ့။ လက်မခံတဲ့ဟာက ဘာမှ မရှိသလောက်ပဲ။ တပုဒ်လုံးပယ်တာတွေတော့ မရှိဘူး။ စာလုံးပေါင်းတို့ အဓိပ္ပါယ်ဖွင့်ဆိုချက်တို့ကိုပဲ ညှိနှိုင်းပြီးရင်တော့ လက်ခံသွားမယ့် အကြောင်း အရာတွေပဲဖြစ်တယ်” ဟု သူက ဆက်ပြောသည်။

ဖယ်ဒရယ်နှင့် ပတ်သက်ပြီး NCCT ဘက်မှ ဆွေးနွေးတင်ပြခဲ့ပုံကိုလည်း NCCT မှ ဒေါက်တာ ဆလိုင်းလျှန်မုန်းဆာခေါင်းက“ဖယ်ဒရယ်နဲ့ ပတ်သက်ပြီး ကျနော်တို့က ၂နေရာမှာထည့်တယ်။ ပထမ အခြေခံမူထည့်တယ်။ သို့သော် အခြေခံမူမှာ စကားလုံးအနေနဲ့ မဟုတ်ပဲနဲ့ အဲဒါ ဖယ်ဒရယ်ဆိုတဲ့ အနှစ်သာရ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ထည့်ဖို့စဉ်းစားတယ်။ နောက်ပြီးတော့ ဆွေးနွေးရမယ့်အကြောင်းအရာထဲမှာ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအပါအဝင် ပြည်ထောင်စုရဲ့ အရင်းခံ ပြဿနာများကို ဆွေးနွေးရမယ်ဆိုပြီးတော့ တိုင်းရင်းသားဘက်က ၂နေရာမှာ တင်ပြထားပါတယ်” ဟု နိရဥ္စရာ၏ မေးမြန်းချက်ကို ဖြေကြားခဲ့ သည်။

“ဖယ်ဒရယ်ဆိုတဲ့ စကားလုံးရဲ့ အနှစ်သာရကို ကျနော်တို့က အခြေခံမူသုံးခုအပေါ်မှာ အဓိပ္ပါယ်ဖွင့် တာဖြစ်ပါ တယ်။ ကျနော်တို့ ဆိုလိုတာက ဒီမိုကရေစီအရေးရှိရမယ်၊ တိုင်းရင်းသားတွေရဲ့ အမျိုး သား တန်းတူရေးရှိ ရမယ်၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရမယ် ဆိုတဲ့ ဒီအခြေခံ သုံးခုအပေါ် မှာ ကျနော်တို့ အဓိပ္ပါယ် ဖွင့်ဆိုတာဖြစ်တယ်။ အဲဒီထဲမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ နေရာမှာလည်းပဲ ကျနော်တို့က ရှင်းရှင်းလင်းလင်းပဲ ပြောချင်တယ်၊ ဒါခွဲထွက်ခွင့်မပါသော ကိုယ်ပိုင်ပြဌာန်းခွင့်ပါပဲ။ ဒါကို သူတို့(UPWC) အထက်အကြီးအကဲ တွေကို တင်ပြဖို့ရှိပါတယ် ” ဟု တိုင်းရင်းသားများဖက်မှ လိုလားသည့် ဖယ်ဒရယ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍လည်း သူကပြောသည်။

တော်လှန်ရေးဆိုသည့် အသုံးအနှုန်းမှာ မတရားမှုကို တော်လှန်ခြင်းဖြစ်သည့်အတွက် လက်ရှိအစိုးရအတွက် သိက္ခာနှင့် နစ်နာမှုများရှိသည့်အတွက်ကြောင့် မျက်နှာဖုံး (သို့မဟုတ်) နိဒါန်းတွင် တော်လှန်ရေး အသုံးအနှုန်းကိုမထည့်ရန် အစိုးရဘက်မှ မေတ္တာရပ်ခံခဲ့သည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ ကပြောသည်။

narinjara26051404

“ဒါပေမယ့် အတွင်းထဲမှာတော့ ပြောင်းပြီးတော့ထည့်မယ်။ ဒီအဖွဲ့အစည်းတွေဟာ တော်လှန်ရေး အဖွဲ့အစည်းတွေဖြစ်ခဲ့တယ်၊ နှစ်ပေါင်း(၆၀) ကျော် တိုက်ပွဲဝင်လာကြတယ် ဆိုတာကျတော့ အတွင်းထဲမှာ ထည့်မယ်” ဟု ပြောသည်။

နောက်တစ်ကြိမ်အစည်းဝေးကို ၂၀၁၄ ခုနှစ် ဇွန်လအတွင်း ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) တွင် ထပ်မံတွေ့ဆုံ ညှိနှိုင်းရန် သဘောတူခဲ့ကြသည်ဟု ပူးတွဲ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်ကို အခန်း(၇)ခန်းဖြင့် ရေးဆွဲမည်ဖြစ်ပြီး ဧပြီလ (၅)ရက်နေ့မှ (၈)ရက်နေ့အထိ ပြုလုပ်ခဲ့သည့် နှစ်ဘက်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတွင် ပထမမူကြမ်း တစ်စောင်ကို ရရှိခဲ့သည်။

Most read this week