အလယ်တန်းအခမဲ့ပညာရေးစနစ်စပြီ မိဘများ အထွေထွေစရိတ်ပေးနေရဆဲ

အလယ်တန်းအခမဲ့ပညာရေးစနစ်စပြီ မိဘများ အထွေထွေစရိတ်ပေးနေရဆဲ
by -
မဇ္စျိမ

၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစပြီး အခြေခံပညာ အလယ်တန်းအခမဲ့ပညာရေးစနစ် စတင်လိုက်ပြီဖြစ်သော်လည်း ပညာသင်နှစ်တစ်ခုလုံးအတွက် နောက်ဆက်တွဲ ကျောင်းမှကောက်ခံမည့် အထွေထွေ ကုန်ကျစရိတ်များ ကုန်ကျခံရဦးမည်ဖြစ်သည်ဟု ကျောင်းသားမိဘများက ပြောဆိုလိုက်သည်။

ယခုပညာသင်နှစ်အတွက် မေလ ၂၅ ရက်မှ စသည့် ကျောင်းအပ်နှံရေးပထမနေ့တွင် ကျောင်းသားမိဘများ က မှတ်ချက်ပြု လိုက်ခြင်းဖြစ်သည်။

မူလတန်းကျောင်းသားမိဘတစ်ဦးက “ပြီးခဲ့တဲ့နှစ်ကဆိုရင် ကျောင်းဝင်ကြေးကတော့ မပေးရဘူး။ ကျောင်း အပ်တဲ့အချိန်မှာ ဘာကြေးမှမကောက်ဘူး။ဒါပေမဲ့ ကျောင်းဖွင့်ပြီး နောက်ပိုင်းတစ်လျှောက်လုံးပဲ တခြား ကြေးတွေတော့ အကုန်ကောက်တယ်” ဟု ပြောသည်။

အခြေခံပညာမူလတန်းအတွက် အခမဲ့ပညာရေးစနစ်ကို ၂၀၁၁-၂၀၁၂ ပညာသင် နှစ်က စတင်ခဲ့သော် လည်း ကျောင်းသားတစ်ဦးအတွက် တစ်နှစ်စာနောက်ဆက်တွဲ ကျောင်းမှကောက်ခံသောကြောင့် ကုန်ကျ ငွေမှာ ကျပ် ၂၅,၀၀၀ နှင့် ၃၀,၀၀၀ ကြား ရှိသည်ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်မှ ညှိနှိုင်းရေးမှူး ဒေါ်စံဝင်ခိုင် က “ ကျောင်းဖွင့်ချိန်တင် ထောက်ပံ့ပေးပြီး ဒီတိုင်းပဲပစ်ထားလိုက်တာဟာ အခမဲ့ပညာရေးစနစ်လို့ မဆိုနိုင်ပါဘူး။ ကျောင်းတွေရဲ့ အခြေခံလိုအပ်ချက်၊ ကျောင်းသားတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဥပမာကျောင်း ၀တ်စုံ၊ စာအုပ်တွေ ကအစ တစ်နှစ်ပတ်လုံးပံ့ပိုးပေးတာမျိုး ဖြစ်သင့်ပါတယ်။ တစ်နှစ်ပတ်လုံး ဖြည့်ဆည်းပေးနိုင်ခြင်းမရှိရင် အခမဲ့ပညာရေးစနစ်က ထိရောက်မှာမဟုတ်ပါဘူး ” ဟုပြောသည်။

ပြီးခဲ့သည့်နှစ် ကျောင်းအပ်နှံရာသီတွင် ကျောင်းသားများထံမှ အားကစားကြေး၊ မိဘဆရာအသင်းကြေး၊ စာကြည့်တိုက်ကြေး စသည်ဖြင့် ကောက်ခံခဲ့ရပြီး ထိုသို့ကောက်ခံရရှိလာသောငွေကြေးများကို ကျောင်းစာ သင်ခန်းအတွက် စာသင်ခုံများ ပြန်လည်မွမ်းမံ ပြင်ဆင်ရာတွင် အသုံးပြုခဲ့ရသည်ဟု အထက်တန်းပြဆရာ စောတိုးစေးက မဇ္ဈိမကို ပြောသည်။

“ကျောင်းမှာ လိုအပ်တဲ့ပြင်ဆင်မှုအတွက် ကျောင်းသူ၊ ကျောင်းသားတွေဆီကနေ ငွေကောက်ယူပြီးတော့ ကျောင်းစရိတ်အတွက် သုံးနေရတယ်” ဟု ပြောသည်။

ယခုနှစ်တွင် ပ ဉ္စမတန်း (Grade-6)မှ အဋ္ဌမတန်း (Grade-9)အထိ အလယ်တန်း အခမဲ့ပညာရေးစနစ် အ တွက် ကျပ် ခုနစ် ဘီလီလံ အကုန်ခံသုံးစွဲမည်ဟု ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။ အခြေခံပညာ အလယ်တန်းအဆင့်တွင် ကျောင်းအပ်နှံခ ကျပ် ၅၀၀၊ ၆၀၀၊ ရ၀၀၊ ၈၀၀ အသီးသီးရှိ သော်လည်း ကျောင်း သုံးဖတ်စာအုပ်ကြေး မှာ ကျပ် ၁,၅၅၀၊ ၁,၅၅၀၊ ၁,၇၀၀ နှင့် ၂၃၀၀ ကျသင့်နေသည်။ အခြေခံပညာ အလယ်တန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၂ ဒသမ ၅ သန်း ရှိသည်။

နောက်ပိုင်းတွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းအပ်နှံခနှင့် ကျောင်းသုံးစာအုပ် ကြေးများကိုလည်း အစိုးရက ငွေကြေးမယူဘဲ အခမဲ့ပေးဝေရန် အစီအစဉ်ရေးဆွဲနေ ပြီဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက ဆိုထားသည်။

အင်န်အယ်လ်ဒီ ပညာရေးကွန်ရက်မှ ဒေါ်စံဝင်ခိုင်က “ကျောင်းသားတွေ ကျောင်းပြင်ပမထွက်ခွာရေးလို့ ဟစ်ကြွေးနေပေမယ့် တကယ်တမ်းကျတော့ မြို့နဲ့ ဝေးလံခေါင်ဖျားတဲ့အရပ်တွေမှာ တကယ်လိုအပ် တဲ့ အခြေခံလိုအပ်ချက်တွေ အများကြီးရှိပါတယ်” ဟု ပြောသည်။

၂၀၁၄-၁၅ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာ ကျောင်းအပ်နှံ ရေးသီတင်းပတ်ကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားသည်။

Most read this week