ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့နဝဒေးတံတားအောက်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် လူသတ်မှုတွင် ပါဝင်ပတ်သက်နေသည့် တပ်မတော်သားသုံးဦးကို ဥပဒေအရ စစ်ဆေးအရေးယူမှုများ ပြုလုပ်ရန် ပြည်မြို့ခံ နှစ်ရာကျော်က မေလ ၂၃ရက်တွင် လမ်းလျှောက် ဆန္ဒပြ တောင်းဆိုခဲ့သည်။
၂ဝ၁၃ခုနှစ် ဧပြီလ(၂၃)ရက် ည(၉)နာရီခွဲ အချိန်က ပြည်မြို့ နဝဒေးတံတားအောက်ရှိ View Point ကမ်းနား သောင်ပြင်တွင် သမီးရည်းစား စုံတွဲတစ်တွဲကို အကြမ်းဖက်သမား သုံးဦးက ပစ္စည်းလုယက်ကာ လူသတ်သည့် အမှုတွင် ပါဝင်သူများမှာ ပြည် ခလရ ရ၅မှ စစ်သားများဖြစ်သည်ဟုဆိုကာ ထိုသူများအား အရေးယူပေးရန် ဆန္ဒပြ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
လုယက်မှုဖြစ်ပွားစဉ် အကြမ်းဖက်သမားများ လက်ချက်ဖြင့် ကိုဇော်မင်းဦး သေဆုံးခဲ့ရပြီး ၎င်း၏ချစ်သူ ကောင်းမလေးမှာလည်း လည်ပင်းညှစ် ရိုက်နှက်ခံခဲ့ရပြီး သူမ၏ လက်စွပ်ကိုလည်း လုယူသွားခဲ့သည်။
“ဒီအမှုက ပေါ်နေရဲ့သားနဲ့ အပြစ်မပေးဘူးဆိုတာ တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတာ ပြလိုက်တာပဲ၊ စစ်တပ်က တရားဥပဒေရဲ့ အထက်မှာ ရောက်နေတယ်။ ဒီနေ့ဆန္ဒပြပွဲရဲ့ ရည်ရွယ်ချက်က တရားဥပဒေရဲ့အထက်မှာ စစ်တပ် အစိုးရ ပြည်သူ ဘယ်သူမှ မရှိစေရဘူး။ ဥပဒေရဲ့ အထက်မှာ ဥပဒေဘဲရှိရမယ်” ဟု ဦးဆောင်ဆန္ဒဖော်ထုတ်သူ ဦးဝင်းလှိုင်က ပြောသည်။
၎င်းဖြစ်ရပ် ဖြစ်ပွားပြီးချိန်တွင် ဆင်စုရပ်ကွက်နေ လူထုက ဝိုင်းဝန်းရှာဖွေရာ တံတားအလွန် သောင်ပြင်နှင့် တဆက်တည်း ကမ်းပါးရံကိုင်းတောထဲတွင် ပုန်းခိုနေသူ (ခလရရ၅)မှ စစ်သားသုံးဦးကို တွေ့ရသဖြင့် ဖမ်းဆီးခဲ့ရာ နှစ်ဦးဖမ်းမိပြီး တစ်ဦးလွတ်သွားခဲ့သည်။ ဖမ်းဆီးရမိသူများကို စစ်တပ်မှ ပြန်ခေါ်သွားပြီး တပ်တွင်း အချုပ်၌ ချုပ်ထားသည် ဟုဆိုကာ ယခုအချိန်အထိ အရေးယူ ဆောင်ရွက်ခြင်း မရှိသေးပေ။
တပ်မတော်သားသုံးဦးကို စစ်ဆေးအရေးယူမှုများ မပြုလုပ်ပါက ဆန္ဒဖော်ထုတ်ပွဲများ တစ်လ တစ်ကြိမ် (သို့) အခါအားလျော်စွာ ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ဦးဆောင်သူ ကိုဝင်းလှိုင်က ပြောသည်။
ယခုဆန္ဒဖော်ထုတ်ပွဲအား ရဲတပ်ဖွဲ့မှ တရားဝင်ခွင့်ပြုချက်ပေးခဲ့ပြီး ခွင့်ပြုချက်မရပါကလည်း ဆန္ဒဖော်ထုတ်သွားမည်ဟု ဦးဆောင်ဆန္ဒဖော်ထုတ်သူ ဦးဝင်းလှိုင်ကဆိုသည်။
ဆန္ဒဖော်ထုတ်သူများသည် မေလ ၂၃ရက် နံနက်၉နာရီက ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်တွင် စုဝေးကာ ဗိုလ်ချုပ်လမ်း၊ ရွှေတစ်ချောင်းလမ်း အတိုင်း ချီတက်ခဲ့ပြီး သေဆုံးသူ ကိုဇော်မင်းဦး နေထိုင်ခဲ့သော တရုပ်စုရပ်ကွက် မင်းတပ်လမ်းထိပ်တွင် တောင်းဆိုဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက်ရွှေတစ်ချောင်း လမ်းအတိုင်း ဆက်လက်ချီတက်ခဲ့ပြီး လမ်းမတော်လမ်းမှ ဗိုလ်ချုပ်ကျောက်ရုပ် ရှေ့သို့ ပြန်လည်ချီတက်ကာ ဆန္ဒဖော်ထုတ်မှုကို ရပ်နားခဲ့သည်။
ဆန္ဒဖော်ထုတ်ရာတွင် “တရားဥပဒေ စိုးမိုးရေး ဒို့အရေး” “ပြစ်မှုကျူးလွန်သူများကို အရေးယူပေးရေး ဒို့အရေး” “ဥပဒေအထက်မှာရှိသူများ အလိုမရှိ” “အမှန်တရား ဖျောက်ဖျက်သူများ အလိုမရှိ” “ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကိုသတ်ဖို့ မဟုတ်ဘူး” စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့သည်။