ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရန် ရေရှည်အစီအစဉ်လိုအပ်နေဟု UN ပြော

ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရန် ရေရှည်အစီအစဉ်လိုအပ်နေဟု UN ပြော
by -
မဇ္စျိမ

ရခိုင်ပြည်နယ်အတွင်းရှိ ပဋိပက္ခများကြောင့် ရွှေ့ပြောင်းနေထိုင်ကြရသူများ ၎င်းတို့၏ မူလအခြေအနေများသို့ ပြန်လည်ရောက်ရှိနိုင်စေရန် မြန်မာအစိုးရနှင့် အကူအညီပေးရေး အဖွဲ့များအနေဖြင့် ရေရှည်စဉ်းစားထားသည့် အစီအစဉ်လိုအပ်လျက်ရှိသည်ဟု ကုလသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပဋိပက္ခဖြစ်ခဲ့တာ နှစ်နှစ်ပြည့်တော့မယ်။ ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ ခုချိန်ထိ လူသားချင်းစာနာ ထောက်ထားပေးမှုဆိုင်ရာ အကူအညီတွေပေါ်မှာ မှီခို နေရတုန်းပါပဲ။ ဒီပြဿနာကို ဖြေရှင်းဖို့ အစိုးရအနေနဲ့ ဆွဲထားတဲ့ အစီအစဉ်ရှိတယ်လို့ ကျွန်တော်နားလည်ထားတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီအစီအစဉ်က ဘာလဲဆိုတာသိချင်တယ်။ အဲဒီအစီအစဉ်တိုင်း အကူအညီပေးရေးတွေကို လက်တွဲ လုပ်ဆောင်ချင်ပါတယ်” ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA)-မြန်မာမှ ပြန်ကြားရေးနှင့် အသိပညာမြှင့်တင်ရေး အရာရှိ မစ္စတာပြဲပီရွန်က မေလ ၂၂ ရက်နေ့တွင် ပြောသည်။

ယခုနှစ် မတ်လအတွင်းက မာတီဆာအဖွဲ့မှ အမေရိကန်အမျိုးသမီးက သာသနာ့အလံအား မဖွယ်မရာပြု လုပ်သည်ဟူသော သတင်းများကြောင့် စစ်တွေမြို့ရှိ အကူအညီပေးရေးအဖွဲ့များကို ဒေသခံအချို့က တိုက် ခိုက်ခဲ့ပြီး အကူအညီပေးမှုများ ခေတ္တရပ်တန့်ခဲ့သည်။

ဧပြီလ ၂၂ ရက်မှ စတင်ပြီး အကူအညီ ပေးရေးအဖွဲ့များ စစ်တွေမြို့သို့ ပြန်လည် ရောက်ရှိပြီးအကူအညီ ပေးရေးလုပ်ငန်းများကို စတင်နိုင်ခဲ့သော်လည်း မတ်လ ပဋိပက္ခကြောင့် စစ်တွေမှ ထွက်ခွာခဲ့ရသော ၀န်ထမ်းများ၏ ၅၀ ရာခိုင်နူန်းခန့်သာ စစ်တွေရှိ ဟိုတယ်အချို့တွင်နေထိုင်ပြီး ကူညီပေးမှုများကို ပြုလုပ်နေရကြောင်း ၎င်းက ပြောသည်။

“အဖွဲ့အစည်းတွေအနေနဲ့ ရုံးခန်းငှားဖို့ အခက်အခဲရှိတယ်။ ကျွန်တော်တို့ရုံးအနေနဲ့လည်း ရုံးခန်းရှာနေတာ ကြာပါပြီ။ ခုထက်ထိ မရသေးဘူး။ စျေးတွေအရမ်းကြီးနေတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ရုံးခန်းငှားတဲ့သူတွေ၊ လိုအပ်တဲ့ပစ္စည်းတွေကို ထောက်ပံ့ပေးနေသူတွေအနေနဲ့လည်း ဒေသခံလူထုအချို့ ကပေးတဲ့ ဖိအားတွေ အများကြီးရှိနေတယ်” ဟု မစ္စတာပီရွန်က ဆက်လက်ပြောသည်။

ယခုလက်ရှိအခြေအနေတွင် အကူအညီပေးသူများအနေဖြင့် ရွှေ့ပြောင်းနေထိုင်သူများစခန်းသို့ မသွားခင် ကြိုတင်ကာ ပြည်နယ်အစိုးရသို့အကြောင်းကြားပြီး အကူအညီများပေးရေးများကို ဆောင်ရွက်နေသည်။

ပြည်နယ်အစိုးရမှ အချို့အရေးကြီးသော နေရာများ (ဥပမာ နိုင်ငံခြားသား ၀န်ထမ်းများအများဆုံး နေထိုင်သည့် စစ်တွေဟိုတယ်) တွင် လုံခြုံရေးအပြည့်အဝ ပေးကာဆောင်ရွက်လျက်ရှိကြောင်းလည်း မစ္စတာပီရွန်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရွှေ့ပြောင်း နေထိုင်သူများကို ကူညီရန် အစိုးရမှစီစဉ် ထားရှိမှုနှင့်ပတ်သက်ပြီး ပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ်က “နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ပြည်နယ်အစိုးရနဲ့ အန်ဂျီအို အချို့က ပူးပေါင်းပြီး ဆွဲထားတဲ့ action plan ဆိုတာရှိတယ်။ ကျွန်တော့်အနေနဲ့ ဒီ့ထက်တိတိကျကျတော့ ခု မပြောနိုင်သေးဘူး” ဟု ပြောသည်။

Most read this week