အမေရိကန်သံရုံးအရာရှိတစ်ဦး ရခိုင်အမျိုးသားပါတီခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံ

အမေရိကန်သံရုံးအရာရှိတစ်ဦး ရခိုင်အမျိုးသားပါတီခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံ
by -
နိရဥ္စရာ

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးနိုင်ငံရေးအရာရှိ Mr Clint Fenning သည် မေလ ၂၁ ရက်နေ့က စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ ဗဟိုရုံးသို့ လာရောက်ပြီး ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးသွားခဲ့သည်ဟု သတင်းရရှိသည်။

ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်များဖြစ်ကြသည့် ဦးခင်မောင်ကြီး၊ ဦးကျော်ဇော်ဦး၊ ဦးရွှေမောင် တို့နှင့် တစ်နာရီခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ဆွေးနွေးပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ဦးခင်မောင်ကြီးက ပြောသည်။

ANP-Office

ယင်းသို့ ဆွေးနွေးရာတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဠိပက္ခများနှင့်ပတ်သက်၍အဓိကဆွေးနွေးခဲ့ သည်ဟု သူက ဆိုသည်။

“အဓိကကတော့ ဒီမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေပေါ့။ ပဋိပက္ခအခြေအနေနဲ့ ပတ်သက်ပြီးပါတီရဲ့မူဝါဒ တွေဘာရှိလဲ။ ပဋိပက္ခအပေါ် ပါတီကဘယ်လိုဖြေရှင်းမလဲပေါ့နော်၊ အဲဒါလေးတွေကို သူကမေးတာပါ။”

ရခိုင်အမျိုးသားပါတီခေါင်းဆောင်များ၏ တုန့်ပြန်ပြောကြားချက်များကိုလည်း  ပဋိပက္ခပြေငြိမ်းရန် နိုင်ငံတကာ၊ ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်သူများ ၀ုိင်းဝန်းအဖြေရှာရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု ၄င်းက ပြောသည်။

"ဒါဟာ လူမျိုးအဖွဲ့အစည်းနှစ်ခုရဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ ပဋိပက္ခမဟုတ်ဘူး။ ကျွန်တော်တို့ရခိုင် အမျိုးသားတွေရဲ့ အမျိုးသားရပ်တည်ရေးနဲ့ အမျိုးသားလုံခြံုရေးအတွက် ရပ်တည်ဖြေရှင်းမှ ပြေငြိမ်းမှုကို ရလိမ့်မယ်။ အဲဒါမှ ဒီပဋိပက္ခတွေကို ဖြေရှင်းနိုင်လိမ့်မယ် လို့ကျွန်တော်တို့ယုံကြည်တယ်ဆိုပြီးကျွန်တော်တို့ ပြောတာပေါ့။”

ထိုသို့ပြောဆိုမှုအပေါ် အမေရိကန် သံအရာရှိမှ အဆိုပါကိစ္စကို ၄င်းတို့အနေဖြင့် အဖြေထုတ်နိုင်သည့်အနေ အထားမရှိသေးပဲ သံရုံး နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနများသို့ ရောက်အောင် သူ့အနေဖြင့် တတ်နိုင်သမျှ တင်ပြပေးမည်ဖြစ်ကြောင်း အဆိုပါကိစ္စကို လာရောက်ဆွေးနွေးခဲ့ခြင်းသာဖြစ်သည်ဟု တုံ့ပြန်ခဲ့ကြောင်းသိရသည်။

ပါတီ၏သဘောထားသည် ထိုသို့ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာဆိုသည့် နာမည် ပဋိပက္ခဖြစ်စေသည့် အဓိကအကြောင်းရင်းပေါ် ကုလသမဂ္ဂ၊ အမေရိကန်အစိုးရက တိုင်းရင်းသားဖြစ်ရမည်၊ နိုင်ငံသားဖြစ်ရမည်ဟု ဖိအားပေးလာသည့် သဘောမျိုးပြောဆိုသောကြောင့် လက်မခံနိုင်ကြောင်း ရှင်းပြခဲ့သည်ဟု ဦးခင်မောင်ကြီး ကပြောသည်။

“ အခုနောက်ဆုံးအမေရိကန်အစိုးရရဲ့ မြန်မာပြည်ကို စီးပွားရေး ပိတ်ဆို့ဖို့အတွက် တစ်နှစ် သက်တမ်းတိုး လိုက်တဲ့အပိုင်းမှာ ကျွန်တော်တို့ ရခိုင်ပြည်မှာဖြစ်နေတဲ့ ပဋိပက္ခက အကြောင်းပြချက် တစ်ခု အနေနဲ့ပါတယ်။ အဲဒီအကြောင်းပြချက်က ဘာလဲဆိုရင် ရခိုင်ပြည်မှာဖြစ်နေတဲ့ ပဋိပက္ခတွေဟာ အမေရိကန် နိုင်ငံရဲ့ အမျိုးသားလုံခြံုရေးနဲ့အမျိုးသားအကျိုးစီးပွားတွေကို ထိခိုက်စေတယ်ဆိုပြီး အကြောင်း ပြထားတာ ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့ ရခိုင်အမျိုးသားလုံခြံုရေးနဲ့ ကျွန်တော်တို့ ရခိုင်အမျိုးသားတည်တံ့ရေး အတွက် ဒီပြဿနာကို ဖြေရှင်းရမယ့် တာဝန် ကျွန်တော်တို့မှာလည်း ရှိတယ်။ ပါတီတစ်ခုအနေနဲ့လည်း ရှိတယ် ပေါ့နော်။ ”

အဆိုပါ  အမျိုးသားလုံခြံုရေးနှင့် ပတ်သက်ပြီး အမေရိကန်၏ အမျိုးသား လုံခြံုရေး၊ အမေရိကန်၏ အကျိုးစီးပွားကို ထိခိုက်သည်ဟု ဆိုလျင် အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအမျိုးသားလုံခြံုရေးနှင့် အမျိုးသား တည်တံ့ရေး အတွက်ကိုမူ မည်သို့လုပ်ဆောင်ပေးနိုင်မည် ဆိုသည့် အချက်များကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

၄င်း ဆွေးနွေးပွဲသည် အကျိုးရှိသော ဆွေးနွေးပွဲ တစ်ခု ဖြစ်ကြောင်း ဦးခင်မောင်ကြီးက သုံးသပ် ပြောဆိုသည်။

Most read this week