ဘတ်ဂျက် အခြေအနေကြောင့် ရသေ့တောင်-ပုဏ္ဍားကျွန်းကားလမ်းအချိန်မှီ ပြီးစီးနိုင်မည် မဟုတ်

ဘတ်ဂျက် အခြေအနေကြောင့် ရသေ့တောင်-ပုဏ္ဍားကျွန်းကားလမ်းအချိန်မှီ ပြီးစီးနိုင်မည် မဟုတ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ချင်းဆက် လမ်းများ၊ ရွာချင်းဆက်လမ်း အများအပြားကို ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော် အစိုးရမှ တာဝန်ယူ ဖေါက်လုပ်နေရာ ယင်းအထဲတွင် ပါ၀င်သော ရသေ့တောင်-ပုဏ္ဍားကျွန်း ကားလမ်းမှာ ဘတ်ဂျက်ငွေ လုံလုံလောက်လောက်မရရှိသဖြင့် သတ်မှတ်ချိန် အတိုင်း ပြီးစီးရန် အခြေအနေမရှိဘဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

ဘတ်ဂျက်ငွေ မလုံလောက်မူကြောင့် ရသေ့တောင်-ပုဏ္ဍားကျွန်းကားလမ်း ဖေါက်လုပ်မူကို ရပ်တန့်ထားရပြီး ယင်းလမ်းတွင် တည်ရှိသော တောဖျားချောင်းတံတား တစ်ခုကိုသာ နှစ်အလိုက်ထုတ်ပေးသော ဘတ်ဂျက်ငွေ အနည်းငယ်ဖြင့် မစို့မပို့ တည်ဆောက်နေရသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

narinjara23051402

ဘတ်ဂျက်ငွေ အလုံအလောက် မရရှိမူကြောင့် ပေ ၁၂၀၀ အရှည်ရှိသော တောဖျားချောင်း တံတားကို အပိုင်းလိုက် တည်ဆောက်နေရပြီး ၂၀၁၂ ခုနှစ်က စတင် တည်ဆောက် ခဲ့သော တံတားမှာ ၂၀၁၅- ၂၀၁၆ နှစ်ကုန်လောက်မှ ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း  တံတားအထူးအဖွဲ့ (၁၀) မှ အငယ်တန်း အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ဦးဝင်းနိုုင်က နိရဥ္စရာသို့ ပြောသည်။

“ ကျွန်တော်က ရေလယ်တိုင်အမှတ် (၄) ကို တာဝန်ယူပြီး တည်ဆောက်နေပါတယ်။ အခုတည်ဆာက်နေပါပြီ။ အုတ်မြစ်ကတော့ ပြီးသွားပါပြီ။ ၂၀၁၅-၁၆ လောက်မှာ ပြီးစီးဖို့ မျှော်လင့်ထားပါတယ်” ဟု ဆိုသည်။

တောဖျားချောင်း တံတားသည် ရသေ့တောင်-ပုဏ္ဍားကျွန်းကားလမ်းပိုင်းတွင် ပါ၀င်သော အရှည်ဆုံးနှင့် အရေးပါသော တံတားတစ်ခုဖြစ်ပြီး ယင်းတံတား အတွက်  ၂၀၁၂-၂၀၁၃ မှာ ကျပ်သန်း (၆၀၀) ၊  ၂၀၁၃- ၂၀၁၄ ခုနှစ်တွင် ကျပ်သန်း ၁၀၀၀ ကို အစိုးရထံမှ ရရှိခဲ့သည်ဟု သူက ဆိုသည်။

“ စုစုပေါင်း တောဖျားချောင်းတံတား တစ်ခုတည်းအတွက် ခန့်မှန်းကုန်ကျငွေက ကျပ်သန်းက ၄၆၀၀ ဖြစ်ပါတယ်။ နှစ်အလိုက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ချပေးတဲ့ ဘတ်ဂျက်နဲ့ဘဲ လုပ်ကိုင်ဆောင်ရွက်နေရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

narinjara23051403

ရသေ့တောင်- ပုဏ္ဍားကျွန်း ကားလမ်းပေါ်တွင် တောဖျားချောင်း တံတားအပြင် ထွန်းရဝေ တံတားနဲ့ ရသေ့တောင်တံတားကြီး (၂) ခု ကျန်နေသေးကြောင်း၊ ယင်းတံတား (၂) စင်းမှာ ယခုအချိိန်ထိ လုပ်ငန်း မစရသေးကြောင်း သိရသည်။ သို့အတွက် ၂၀၂၀ ခုနှစ်တွင်ပင် ရသေ့တောင်-ပုဏ္ဍားကျွန်းကားလမ်းမှာ ပြီးစီးနိုင်မည်မဟုတ်ကြောင်း ဒေသအတွင်းက လမ်းအရေး ကျွမ်းကျင်သူများက ပြောသည်။

ယင်းပြင် ဘတ်ဂျက်ငွေ မရရှိသဖြင့် ကားလမ်း ဖေါက်လုပ်မူကိုလည်း ရပ်တန့်ထားရကြောင်း၊ သို့အတွက် ယခင် ဖို့ထားသော ကားလမ်းပေါ်မှ မြေများမှာ မိုးရာသီတွင် ရေတိုက်စားမူကြောင့် ပျက်စီးနေကြောင်း၊ လမ်းကြမ်းအဆင့်မှာပင် ပျက်စီးနေသဖြင့် အပိုင်းလိုက်ပင် နွားလှည်း၊ ဆိုင်ကယ်များဖြင့် သွားလာ၍ မရဘဲ ဖြစ်နေကြောင်း ကားလမ်းပေါ်တွင် တည်ရှိသောစေတီပြင် ကျေးရွာသား တစ်ဦးက ပြောသည်။

ရသေ့တောင်- ပုဏ္ဍားကျွန်းကားလမ်းသည် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးနှင့် ဆက်စပ်ပေးမည့် လမ်းတစ်လမ်း ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး အတွက် များစွာ အထောက်အကူ ပြုနိုင်သော လမ်းတစ်ခုဖြစ်သည်။ အဆိုပါ ကားလမ်းပြီးစီးပါက ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်မှ ပြည်သူများအနေဖြင့်  ရသေ့တောင်မှ တဆင့် ရန်ကုန်သို့ တိုက်ရိုက်သွားလာနိုင်မည် ဖြစ်သည်။

“တံတားအပါအဝင် ဒီလမ်းကိုတော့ အမြန် ပြီးစီးစေချင်ပါတယ်။  ဒီလမ်းပြီးစီးရင် စီးပွားရေး၊ ပညာရေးကအစ တိိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စစ်တွေတို့၊ ပုဏ္ဍားကျွန်းတို့ကိုလည်း ချက်ချင်းသွားလာလို့ ရလာမယ်။ ဒီဒေသက သီးနှံတွေအကြီးအကျယ် ထွက်တော့ ချက်ချင်း မြို့ကြီးတွေကို တင်ပို့လို့ ရလာနိုင်မှာ ဖြစ်တဲ့အတွက် တောဖျားချောင်း ဒေသခံတွေ အတွက် စီးပွားရေးအရ ဖွံ့ဖြိုး တိုးတက်လာနိုင်ပါတယ်” ဟု တံတားအနီး စေတီပြင်ကျေးရွာမှ အလပြ ဆရာ တစ်ဦးက ဆိုသည်။

Most read this week