ဇွန်လ၂၆ ရက်တွင်ကျရောက်မည့် ကမ္ဘာ့ မူးယစ် ဆေးဝါး နှင့် ရာဇဝတ်မှု ဆိုင်ရာ တိုက်ဖျက်ရေး နေ့အား ဂုဏ်ပြု ကြိုဆိုသော အားဖြင့် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ထိန်းချုပ် နယ်မြေအတွင်း မူးယစ် ဆေးဝါး သုံးစွဲသူ များအား အထူး ဖမ်းဆီး နေကြောင်း ကြားသိရပါသည်။
မေလဆန်းပိုင်းမှစ၍ ပန်ဆန်းမြို့ မြို့ဝင်၊ မြို့ထွက်၊ လမ်းဆုံ၊ လမ်းခွ နေရာများ၌ ဝ အာဏာပိုင်များ စောင့်ဆိုင်းကာ ဝင်ထွက် သွားလာသည့် ကားများ၊ ကားဆရာများ၊ ခရီးသွားများအား တားဆီးကာ လူ နှင့် ပစ္စည်းများ စစ်ဆေးကြောင်း၊ ယခုလဆန်းပိုင်းမှ စ၍ ယနေ့ထိ လူ ၁၀၀ ကျော် ဖမ်းဆီးအရေးယူ ထား ကြောင်း ပန်ဆန်းမြို့ ဝ အာဏာပိုင် ရဲအရာရှိငယ်တဦးက ပြောသည်။
“ သံလွင်အနောက်ဘက်ခြမ်းက လာတဲ့သူတွေ၊ နမ့်တစ်ဘက်ဆင်းလာတဲ့သူတွေ၊ မိုင်းပေါက်ကနေလာ တဲ့သူတွေကို စောင့်ဆိုင်းစစ်ဆေးတယ်။ ဖမ်းတယ်။ ကိုယ့်အခြေအနေကိုသိထားတဲ့ သူတွေတော့ ကွင်းပြီးတော့ သွားလာကြတယ်။ မသွားသင့်ရင်လဲ မသွားဘူးပေါ့၊ အလကားနေရင်း ဘယ်အဖမ်း ခံမလဲ။ ဆေးမချတဲ့သူခပ်ရှားရှားဘဲ” - ဟု ခရီးသွားကားဆရာတဦးက ပြောသည်။
ဖမ်းဆီးခံရသူများအနေဖြင့် တရုတ်ငွေ ယွမ် ၂၀၀၀၀ သောင်း မှ သုံးသောင်းအထိ အာမခံကြေးရှိမှ ပြန်လွှတ်ပေးကြောင်း၊ အာမခံကြေးမရှိက မူးယစ်ဆေးဝါး ဖြတ်ပေးမည်ဟု ဆိုကာ ရော်ဘာခြံလုပ်ငန်း၌ အကျဉ်းသားအလုပ်သမားအဖြစ်အသုံးပြုကြောင်း အာမခံကြေးဖြင့်လွှတ်မြောက်လာသူတဦးက ပြောသည်။
ပန်ဆန်း ဝ အာဏာပိုင်များသည် မူးယစ်ဆေးဝါးသုံးစွဲသူများကိုသာ ဖမ်းဆီးချုပ်နှောင်အရေးယူခြင်း မဟုတ်ဘဲ၊ ဝ တပ်ဖွဲ့မှ ထုတ်ပေးသည့် ကားအခွန်ဆောင်ပြီးသည့် စတစ်ကာ ကပ်မထားသည့်ကားအား လူရော ကားပါဖမ်းဆီးကြောင်း၊ ဘီးလိမ့်ခွန် လမ်းကြေးအတွက် တလ ယွမ်ငွေ ၁၀၀၊ တနှစ် ၁၂၀၀ ယွမ် (ကျပ် ၁၉၂၀၀၀ ကျပ်ခန့်) ကောက်ကြောင်း၊ လမ်းခင်း လမ်းပြင်ပါကလည်း ဒေသခံလူထုအား လုပ်အားဆင့် ခေါ်ကြောင်း အမည်မဖေါ်လိုသည့် ဒေသခံ ရပ်ရွာ အကြီးအကဲ တဦးက ပြောသည်။
ဝ တပ်ဖွဲ့သည် မြန်မာနိုင်ငံတွင် မြန်မာအစိုးရ တပ်မတော်ပြီးလျှင် တိုက်ခိုက်ရေးအင်အားဒုတိယ အကြီးမားဆုံး တပ်မတော်ဖြစ်ပြီး သျှမ်းပြည်နယ်မှ ခွဲထွက်ကာ နေပြည်တော်လက်အောက်ခံ သီးခြား ဝ ပြည်နယ် ထူထောင်ရန်အထူးတောင်းဆိုနေသည့်တပ်ဖွဲ့ဖြစ်ပါသည်။ အမေရိကန် အစိုးရကမူ ဝ တပ်ဖွဲ့အား မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဟု သတ်မှတ်ထားပါသည်။