ပိုးရီပြင် ဒေသခံ တစ်ထောင်ကျော်ကို တပ်မတော်မှ အခမဲ့ ဆေးကုသပေး

ပိုးရီပြင် ဒေသခံ တစ်ထောင်ကျော်ကို တပ်မတော်မှ အခမဲ့ ဆေးကုသပေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ပိုးရီပြင် ( ပိုးရွှီပြင်) ဒေသမှ ရခိုင်တိုင်းရင်းသား လူပေါင်း (၁၀၀၀) ကျော်ကို တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့ တစ်ခုမှ  အခမဲ့ ဆေးကုသ ပေးခဲ့သည်ဟု သိရသည်။

မေလ ၁၉ ရက်နေ့က ၂၁ ရက်နေ့ထိ (၃) ရက်တိုင်တိုင် ပိုးရီပြင် အထက ကျောင်းခွဲတွင် စခန်းချဖွင့်လှစ် ကုသခဲ့သော ၎င်းအခမဲ့ဆေးကုသပွဲသို့ ပိုးရီပြင်နှင့် ယင်းဒေသ အနီးတဝိုက်ရှိ ကျေးရွာများမှ ရခိုင်နှင့် ခမီးတိုင်းရင်းသားများ လာရောက်ကုသခဲ့ကြသည်။

နယ်လှည့် တပ်မတော် ဆေးကုသရေးအဖွဲ့က ဒေသခံများကို ဆေးကုသနေစဉ် (ဓါတ်ပုံ- နိရဥ္စရာ)

“ရခိုင်နဲ့ ခမီးတိုင်းရင်းသားတွေ လာကြတယ်။ ပထမနေ့ မေလ ၁၉ ရက်မှာ လာရောက်ပြသတဲ့ လူနာ အရေအတွက်က ၄၄၂ ယောက် လာတယ်။ ဒုတိယနေ့မှာလည်း ၄၀၀ ကျော်လာပါတယ်။ သုံးရက်ဆိုရင်တော့ တစ်ထောင်ကျော်ပါတယ်” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းသို့ လာရောက်ပြသသူများအထဲတွင် မျက်စိရောဂါဝေဒနာရှင်များလည်း ပါ၀င်ပြီး အများစုမှာ အထွေထွေရောဂါသည်များ ဖြစ်ကြသည်ဟု ဆိုသည်။ ယင်းအထဲတွင် အချို့ရောဂါသည်များမှ စစ်တွေ ဆေးရုံကြီး အထိ တက်ရောက်ပြသမှ ကျန်းမာရေး ကောင်းမွန်လာမည့့်သူများလည်း ပါ၀င်သည်ဟု သိရသည်။

ယခု တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့မှ လာရောက်ဆေးကုသပေးသော ပိုးရီပြင်ကျေးရွာမှာ အိမ်ခြေ တစ်ထောင်ခန့်ရှိပြီး ပုဏ္ဍားကျွန်းမြို့နှင့် ၁၈ မိုင်ခန့်ဝေးကြောင်း၊ အနီးအနားတွင် ရွာပေါင်း (၃၀) ကျော်ခန့်ရှိကြောင်း၊ ယင်းဒေသတွင် တိုက်နယ်ဆေးရုံ တစ်ရုံတောင် ယခုအချိန်ထိ မရှိသေးကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များမှ ပညာရေး၊ ကျန်းမာရေးအရ ပစ်ပယ်ခံနေကြရသော ဒေသတစ်ခု ဖြစ်ကြောင်း၊ ဆေးရုံ မရှိ၍ မသေသင့်ဘဲ လူများသေနေကြရကြောင်း ပိုးရီပြင်ကျေးရွာ လူကြီး တစ်ဦးဖြစ်သူ ဦးမောင်လူက ပြောသည်။

ယင်းပြင် ပိုးရီပြင် တစ်နာရီကျော် လမ်းလျှောက်လာမှ ရောက်သော မင်းဓမ္မ ခမီးကျေးရွာမှ လူကြီး တစ်ဦးဖြစ်သူု ဦးဝေဇံကလည်း သူတို့ လာရောက်ရသည့် အကြောင်းကို ယခုလို ပြောသည်။

ဆေးကုသရန် စောင့်ဆိုင်းနေသော ဒေသခံပြည်သူများ (နိရဥ္စရာ)

“ ကျွန်တော်တို့ ရွာက လူပေါင်း ၂၀ ကျော်လာပါတယ်။ တပ်မတော်က အခမဲ့ ဆေးကုသပေးမယ်ဆိုတဲ့ အတွက် ပြသဖို့ လာတာပါ။  ခုလို အခမဲ့ဆေးကုပေးမယ်ဆိုတော့ ပျော်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဆေးရုံလည်း မရှိတော့ လူတွေက ခုလို ဆေးကုရတဲ့ အတွက် ၀မ်းသာတယ်။ ပျော်ကြပါတယ်။ ဒီမှာလည်း ဆေးရုံလည်း မရှိ၊ ဆရာဝန်လည်း မရှိတဲ့ အတွက် ပိုးရီပြင်မှာ တိုက်နယ် ဆေးရုံး တစ်ခုကို အမြန််ဆုံး တည်ဆောက်ပေးဖို့ ကျွန်တော်တို့က လိုလားပါတယ်” ဟု ဆိုသည်။

ယခု လာရောက်ဆေးကုသပေးသော အဖွဲ့မှာ အနောက်ပိုင်းတိုင်း လက်အောက်ခံ အမှတ် (၈) စစ်မြေပြင် ဆေးတပ်ရင်း၊ နယ်လှည့် ဆေးကုသရေး အဖွဲ့ဖြစ်ပြီး ပါရဂူအဆင့်ရှိ ဒုဗိုလ်မှူးကြီး တစ်ဦးက ဦးဆောင်သည်ဟု သိရသည်။

ယခုကဲ့သို့ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆေးရုံမရှိသော ဒေသများသို့ သွားရောက် ဆေးကုသပေးသည်မှာ ရခိုင်ပြည်နယ်အတွင် (၄) ကြိမ်အထက် ရှိသွားပြီ ဖြစ်ကြောင်း၊ ပိုးရီပြင်တွင် ပြီးဆုံးပါက ခြေတော်ရာနှင့် မြောက်ဦးမြို့နယ်တို့ သွားရောက်ပြီး ဆက်လက် ကုသပေးအုံးမည်ဟု သိရသည်။

ယင်းဆေးကုသပွဲသို့ ပြည်တွင်းပြည်ပ သာသနာပြု အလိုတော်ပြည့် ဆရာတော်ကြီးလည်း တက်ရောက်ခဲ့ပြီး ဆရာတော်ကြီးအား အမှူးထားပြီး အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် ကိုကိုနိုင်မှလည်း စစ်မြေပြင် ဆေးတပ်ရင်းမှူးမှ တဆင့် ဒေသခံ ပြည်သူများသို့ ဆေးခြင်ထောင်များနှင့် အိမ်သာသုံး ပစ္စည်းများအား ပေးပို့ လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

Most read this week