ရခိုင်အမျိုးသားနေ့ ဘူးသီးတောင်၊ပုဏ္ဍားကျွန်းနှင့် ရမ်းဗြဲနယ်တို့တွင် ကျင်းပ

ရခိုင်အမျိုးသားနေ့ ဘူးသီးတောင်၊ပုဏ္ဍားကျွန်းနှင့် ရမ်းဗြဲနယ်တို့တွင် ကျင်းပ
by -
နိရဥ္စရာ

ပထမ အကြိမ်မြောက် ရခိုင်အမျိုးသားနေ့ကို မေလ ၁၄ ရက်နေ့က ဘူးသီးတောင်၊ ပုဏ္ဍားကျွန်းနှင့် ရမ်းဗြဲမြို့နယ် ရီကောင်းချိန်ကျေးရွာတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။

ဘူးသီးတောင်မှ အမျိုးသားနေ့ အခမ်းအနား (ဓါတ်ပုံ- နိရဥ္စရာ)

ဘူးသီးတောင်မြို့တွင် ကျင်းပသော အခမ်းအနားသို့ လူပေါင်း တစ်ထောင်နီးပါးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူ ရဟန်းတော်များနှင့် လူမူ အဖွဲ့အစည်းမှ ခေါင်းဆောင်များမှ မျိုးချစ်စိတ်ဓါတ်ထက်သန်ရန် ၀ံသာနု ရက္ခတိ တရားများကို ဟောကြားခဲ့ကြသည်ဟု သိရသည်။

ပုဏ္ဍားကျွန်း ပြုလုပ်သော အမျိုးသားနေ့ အခမ်းအား ယင်းမြို့တွင် တည်ရှိသော လောကမာရဇိန်ဘုရားတွင် ကျင်းပခဲ့ပြီး လူပေါင်း ၆၀၀ ကျော်တက်ရောက်ခဲ့သည်ဟု ဦးဆောင်ကျင်းပရာတွင် ပါ၀င်သူ ဦးစံရွှေကျော်က ပြောသည်။

“ဒီနှစ်ကျင်းပခဲ့တဲ့ အမျိုးသားနေ့ကို အချိန်တိုတိုလေးအတွင်းမှာ လတ်တလော စီစဉ်လို်က်ရတဲ့အတွက် နည်းနည်းတော့ အခက်အခဲ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် လူပေါင်း ၆၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။ ဒီနှစ် အမျိုးသားနေ့မှာ ထူးခြားတာက ဘင်္ဂလာဒေချ့်က လာတဲ့ အရှင်သီလဝံသမှ တရားတက်ရောက် ဟောပြောခဲ့ပါတယ်” ဟု သူက ဆိုသည်။

ရခိုင် အမျိုးသားနေ့ ကျင်းပရသည့် ရည်ရွယ်ချက်ကိုလည်း သူက ယခုလို ပြောသည်။

“အမျိုးသားရေး လက္ခဏာအရ သတ်မှတ်ထားတဲ့ အမျိုးသားနေ့ဟာ  ရခိုင်တမျိုးသားလုံး အောင်ပွဲခံခဲ့တဲ့ နေ့ဖြစ်ပါတယ်။ ဒီလို နေ့ထူး နေ့မြတ် တစ်ရက်ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ဖို့ ကျောက်ဖြူ ညီလာခံမှာ ပုဏ္ဍားကျွန်းမြို့နယ် ကိုယ်စားလှယ်တွေက တောင်းဆိုခဲ့တာတွေလည်း ရှိတယ်။ သတ်မှတ်တဲ့ နေ့ကလည်း မဟာမုနိရုပ်ရှင်တော်မြတ်ကို သွန်းလုပ်တဲ့ နေ့ဖြစ်တဲ့ အတွက် ရခိုင်လူမျိုးတွေအတွက် အင်မတန်မှ ဂုဏ်ယူစရာကောင်းတဲ့နေ့ဖြစ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံးကြိုးစား ဆောင်ရွက်ခဲ့ပါတယ်” ဟု သူက ဆိုသည်။

ပုဏ္ဍားကျွန်း အမျိုးသားနေ့တွင် ရခိုင်အလံတော်အား လွှင့်ထူခြင်း၊ သံဃာတော် ၁၈ ပါးအား ဆွမ်းကပ် လှူဒါန်းခြင်း၊ မျိုးချစ်စိတ် ထက်သန်စေမည့် လူထု ဟောပြောပွဲများကိုလည်း ကျင်းပခဲ့သည်ဟု သိရသည်။

အလားတူ ပထမ အကြိမ်မြောက် ရခိုင်အမျိုးသားနေ့ကို ရမ်းဗြဲမြို့နယ် ရီကောင်းချိန်ကျေးရွာတွင် နယ်သူ နယ်သားများက စုပေါင်းပြီး ကျင်းပခဲ့သည်ဟု အခမ်းအနားသို့ တက်ရောက်ခဲ့သူ ရမ္မာဝတီ အရှင်ပညာစာရက နိရဥ္စရာသို့ ပြောသည်။

“ ရီကောင်းချိန်ကျေးရွာမှာ ကျင်းပတဲ့ ပထမအကြိမ်မြောက် ရခိုင်အမျိုးသားနေ့ကို ဟုမ်းနယ်၊ ရမ်းဗြဲငယ်နယ်၊ စကု-မကျည်းနယ်က လူတွေက စုပေါင်းကျင်းပကြတာ ဖြစ်ပါတယ်။ လူပေါင်း တစ်ထောင်ကျော် တက်ရောက်ခဲ့ ပါတယ်။ ဦးဇင်းကိုလည်း ပင့်ဖိတ်တဲ့ အတွက် အခမ်းအနားကို တက်ရောက်ပြီး ရခိုင်အမျိုးသားနေ့ အကြောင်း ကို ဟောပြောခဲ့ပါတယ်” ဟု ဆိုသည်။

national day photo2

ယင်းအခမ်းအနားသို့ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့များမှ နိုင်ငံရေးသမားများ၊ လူမူရေး လူပ်ရှားသူများက တက်ရောက် ဟောပြောခဲ့ကြပြီး အရှင် ပညာစာရမှလည်း ရခိုင်ဝံသာနု ရက္ခိတ တရားကို ဟောပြောခဲ့သည်ဟု ဆိုသည်။

“ အခုက ရွာတွေမှာ လူသိပ်မကျန်တော့ဘူး။ ထိုင်း၊ မလေးရှား၊ ရန်ကုန်ကို တစ်နေ့ တစ်နေ့ ထွက်နေတာ အများကြီးဘဲ။ တိုင်းပြည်မှာ လူမကျန်ရင် ဘယ်လိုလုပ် ရခိုင်ပြည်ကို ထိ်န်းသိမ်း ကာကွယ်စောင့်ရှောက် နိုင်မှာလဲ။ ဒါတွေကို အတတ်နိုင်ဆုံး ထိန်းသိမ်းကြဖို့ ဦးဇင်း ပြောပါတယ်။ အဲဒါအပြင် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး၊ စီးပွားရေး ကိစ္စတွေကို ပြောတယ်။ အဓိကတော့ ဒါတွေကို ဆောင်ရွက်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်။ ဒါပေမယ့် အစိုးရက မလုပ်ပေးပေမယ့် အားကြိုးမာန်တက် ကြိုးစားဖို့လိုတဲ့ အကြောင်းတွေကို ဟောပြောခဲ့ပါတယ်”ဟု သူက ဆိုသည်။

နောက်လာမည့် ဒုတိယ အကြိမ်မြောက် အမျိုးသားနေ့ကို ကျင်းပရန် အတွက် ဒေသခံများက ငွေများကိုလည်း စုဆောင်းထားခဲ့ကြသည်ဟု သိရသည်။

ဧပြီလ ၂၇ရက်နေ့မှ မေလ ၁ရက်နေ့အထိ ကျောက်ဖြူတွင် ကျင်းပခဲ့သော ရခိုင်အမျိုးသားညီလာခံတွင် မဟာမုနိရှင်တော်မြတ်အား သွန်းလုပ်ပူဇော်ခဲ့သည့် ကဆုန်လပြည့်ကျော် (၁)ရက်နေ့ကို ရခိုင်အမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ကြသည်။

Most read this week