ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ရခိုင်ဒုက္ခသည်များအတွက် ယခုနှစ် မိုးရာသီအတွင်း နေအိမ် အလုံအလောက် ဆောက်လုပ်ပေးနိုင်မည် မဟုတ်ဟု နယ်စပ်တိုင်းရင်းသားများ ဖွံ့ဖြိုးရေးဝန်ကြီးဌာန မောင်တော တာဝန်ခံ ဗိုလ်ကြီးသန့်ဇင်က မေ ၁၉ တွင် မဇ္ဈိမကိုပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခြေချနေထိုင်ခဲ့သော ရခိုင်လူမျိုးများ ရခိုင်ပြည်နယ်သို့ ပြန်လည် ဝင်ရောက်လာပြီး မောင်တော နယ်စပ်ရှိ နယ်စပ်တိုင်းရင်းသားများ ဖွ့ံတိုးတက်ရေး ဝန်ကြီးဌာနလက်အောက်ရှိ (နတလ)ကျေးရွာများတွင် ထားရှိထားသော်လည်း နေအိမ်လုံလောက်စွာ ပေးနိုင်မည် မဟုတ်ဟုဆိုသည်။
“တစ်သုတ်ပြီး တစ်သုတ်လာနေတော့ နောက်ဆုံးရောက်တဲ့ အသုတ်အတွက် နောက် တစ်ခေါက်မှ ဆောက်ရမှာပါ။ သီတင်းကျွတ်လောက်မှ ဆောက်ဖြစ်မယ်" ဟု ဗိုလ်ကြီးသန့်ဇင်ကပြောသည်။
ယင်းဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နတ်ချောင်းစရီမြို့နယ်၊ ရင်္ဂါမတီမြို့နယ်၊ ရွာတော်မြို့နယ်(မြန်မာအခေါ်)အလယ်ခေါ်တောင်မြို့နယ် စသော ဒေသများမှ ပြောင်းရွေ့လာသူများဖြစ်ပြီး အိမ်ထောင်စု ၂ဝဝ ရှိသည်။
ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ခဲ့သော ရခိုင်လူမျိုးများသည် ၂ဝ၁၂ ခုနှစ်နောက်ပိုင်းမှ စ၍ ရခိုင်ပြည်နယ်တွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။
ရခိုင်ပြည်နယ် တွင်းသို့ရောက်ရှိလာသော ရခိုင်လူမျိုး ဦးရေမှာ ၂၂ဝဝ ကျော်ရှိပြီး အိမ်ထောင်စု ငါးရာကျော် ဖြစ်သည်ဟု ယင်းဒုက္ခသည်များကို လက်ခံထားသော မောင်တော(ဗဟိုကျောင်း) ဆရာတော်မှ ဆရာတော် ဦးအာစာရ က မိန့်သည်။
“သူတို့ အလုပ်အကိုင်လည်းမရှိ၊ နေစရာလည်းမရှိ၊ လှူဒါန်းမယ့်သူလည်းမရှိဘူး”ဟု ဦးအာစာရက မိန့်သည်။
အဆိုပါ ဒုက္ခသည်များ၏ စားသောက်ရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP) က လစဉ်ထောက်ပံ့မှု ရှိသော်လည်း လုံလောက်မှုမရှိဟုဆိုသည်။
မောင်တော ဗဟိုဘုန်းကြီးကျောင်းတွင် ဒုက္ခသည် အိမ်ထောင်စုပေါင်း ငါးရာကျော် ကျန်ရှိနေပြီး အဆိုပါဒုက္ခသည်များအတွက် မောင်တောနယ်စပ် နတလ ကျေးရွာများဖြစ်သည့် ပြားသားရွာ၊ အောင်ဗလကျေးရွာ၊ ရပ်ညှိုးတော်ကျေးရွာတို့တွင် နေအိမ် ၁၈၅ အိမ် ဆောက်လုပ်လျှက်ရှိသည်ဟု ဗိုလ်ကြီးသန့်ဇင်ကဆိုသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်၌ ရခိုင်လူမျိုး နှစ်သိန်းကျော်ရှိသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်နေထိုင်သူ တက္ကသိုလ်ကျောင်းဆရာ ဦးသန်းရွှေက ရခိုင်အမျိုးသားညီလာခံ ဆွေးနွေးပွဲတွင်ပြောဆိုထားသည်။