လုံခြံုရေးမဲ့နေသော မယူကမ်းကျေးရွာအချို့တွင် လုံခြံုရေးတပ်ဖွဲ့ဝင်များအား နေရာချထားပြီ

လုံခြံုရေးမဲ့နေသော မယူကမ်းကျေးရွာအချို့တွင် လုံခြံုရေးတပ်ဖွဲ့ဝင်များအား နေရာချထားပြီ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အနောက်မြောက်ဘက် မယူကမ်းဒေသရှိ လုံခြံုရေးမဲ့နေသော ကျေးရွာများတွင် သက်ဆိုင်ရာမှ လုံခြံုရေး တပ်ဖွဲ့ဝင်များကို စေလွှတ် နေရာချထားပြီဖြစ်ကြောင်း သတင်း ရရှိသည်။

မေလ ၁၁ ရက်နေ့က နိရဥ္စရာမှ “ မယူကမ်းမှ ဗုဒ္ဓဘာသာကျေးရွာများ မပြိုပျက်ရန် အစိုးရမှအမြန်ဆုံးစီစဉ် ရန်လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေပြော” ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်အား ရေးသားဖေါ်ပြပြီးနောက် ယခုကဲ့သို့ လုံခြံုရေး တပ်ဖွဲ့ဝင်များကို တိုးချလာခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ချွတ်ပြင်ကျေးရွာမှ လုံခြံုရေးကြောင့် စွန့်ခွာခံခဲ့ရသည့် အိမ်အချို့ ( ဓါတ်ပုံ- နိရဥ္စရာ)

ရသေ့တောင်မြို့နယ်မှ လုံခြံုရေးမဲ့နေသော ချွတ်ပြင်ရွာတွင်ရဲတပ်သား ၅ ယောက်၊ ယင်းကျေးရွာ အနီးရှိ သဇင်မြိုင်တွင် ရဲတပ်သား ၁၁ ယောက်နှင့် အတွင်းပြင် ကျေးရွာတွင် တပ်မတော်မှ တပ်စိတ်တစ်ခုအား နေရာချထားလိုက်သည်ဟု ရွာသား တစ်ဦးက ပြောသည်။

“အခု ချွတ်ပြင်ရွာနဲ့ သဇင်မြိုင်မှာ ရဲတပ်ဖွဲ့ဝင်တွေကို ချထားလိုက်ပြီ ဖြစ်ပါတယ်။ သဇင်မြိုင်မှာတော့ ဒုရဲအုပ် တစ်ဦးအပါအဝင် ၁၁ ဦး ဖြစ်ပါတယ်။ အတွင်းပြင်မှာ စစ်တပ်က နေရာချထားပါတယ်။ ကျနော်ဒေသ လုံခြံုရေး အတွက် သတင်းရေးတင်ပေးတဲ့ ဆရာတို့ နိရဥ္စရာနဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကို အထူးကျေးဇူးတင်ပါတယ်” ဟု သူုက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေမှလည်း ယခုသတင်းကို ကြားရသဖြင့် အထူးဝမ်းသာကြောင်း ပြောကြားသည်။

“ ဒီလို သက်ဆိုင်ရာ အဲဒီဒေသမှာ လုံခြံုရေးကို တိုးမြှင့်ဆောင်ရွက်ပေးတဲ့ သတင်းကို ကြားရတဲ့ အတွက် ၀မ်းသာပါတယ်။ အဲဒီက လူတွေကလည်း ဖုံးဆက်ပြီး ကျွန်မဆီကို အကြောင်းကြားလာကြတယ်။ အားလုံး စိတ်ချမ်းသာကြတာကို ကြားရတော့ ပိုပြီး ၀မ်းသာပါတယ်။ မသမာတဲ့လူတွေက အုပ်စုဖွဲ့ပြီး မယူတောင်က သစ်တွေခိုးထုတ်နေတာကိုလည်း တားမြစ်ဖို့လိုပါတယ်” ဟု သူမက ဆိုသည်။

နိရဥ္စရာ-မှ မေလ ၁၁ ရက်နေ့ နေ့စွဲဖြင့် www.narinjara.com/burmese တွင် “ မယူကမ်းမှ ဗုဒ္ဓဘာသာကျေးရွာများ မပြိုပျက်ရန် အစိုးရမှအမြန်ဆုံးစီစဉ်ရန်လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေပြော” သတင်းတွင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ကိုသာ အာရုံစူးစိုက်ပြီး ကာကွယ်ရေး အစီအမံများလုပ်နေသော  ပြည်ထောင်စုအစိုးရအနေဖြင့် ရသေ့တောင်မြို့နယ် အနောက်ဘက်ခြမ်း မယူကမ်းဒေသမှ ဗုဒ္ဓဘာသာကျေးရွာများ မပြိုပျက်ရေးအတွက်ကိုလည်း အစီအစဉ်များ စနစ်တကျ ချမှတ်ကာ လုပ်ကိုင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ယင်းဒေသသို့ များမကြာမီက သွားရောက်ခဲ့သူ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြောင်း သတင်းကို ဦးစွာ ဖေါ်ပြခဲ့သည်။

ယင်းသတင်းတွင် လုံခြံုရေးကင်းမဲ့နေသဖြင့် ရသေ့တောင်မြို့နယ် စေတီပြင် ကျေးရွာအနီးမှ ချွတ်ပြင်၊ သဇင်မြိုင်၊ ပိတောက်မြိုင်၊ ပြည်ရှည်၊ အောင်ဇေယျ၊ အတွင်းပြင်  စသည့် ဗုဒ္ဓဘာသာ ကျေးရွာများ ပြိုပျက်မည့်  အနေအထားနှင့် ရင်ဆိုင်နေရကြောင်း ရေးသားတင်ပြခဲ့သည်။

ယခုအခါ ကျေးရွာသားများအတွက် လုံခြံုရေးသာမက စီးပွားရေး လုပ်ငန်းများကိုပါ တိုးမြှင့်ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာမှ စီစဉ်နေကြောင်းလည်း ကျေးရွာသားများက ပြောကြားသည်။

Most read this week