အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့မှု သက်တမ်းတစ်နှစ်တိုးလိုက်သော်လည်း မြန်မာအစိုးရအနေဖြင့် နိုင်ငံ၏ စီးပွားရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲ ထွဋ်က မေလ ၁၇ ရက်တွင် ပြုလုပ်သော စာနယ်ဇင်းနည်းဥပဒေဆိုင်ရာ သတင်းစာရှင်းလင်းပွဲအပြီးတွင် ပြောသည်။
“အမေရိကန်က အချို့စိတ်တိုင်းမကျသေးတဲ့ အချက်လေးတွေရှိသေးတယ်။ မြောက်ကိုရီးယားနဲ့ မြန်မာ ဆက်ဆံရေးလိုမျိုးမှာ သူတို့စိုးရိမ်တာ ကျန်သေးတယ်။ အဓိကပိတ်ဆို့မှုတွေကို တတ်နိုင်သမျှ အကုန်လုံး ဖယ်ပေးစေချင်တယ်ဆိုတာက ပြည်သူတွေရဲ့လူမှုဘဝစီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်ရေးမှာ မြန်မြန်လုပ် လို့ရအောင်၊ သို့သော် အခုတော်တော်များများ ဖယ်ထားပြီးပြီ။ လက်ရှိရှိနေတဲ့ အတိုင်းအတာနဲ့ပဲ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရနေပြီ”ဟု ဦးရဲထွဋ်က ဆိုသည်။
အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့မှုကို ထပ်မံတိုးမြှင့်သော်လည်း မြန်မာ့စီးပွားရေး ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်ရန်မှာ အစိုးရ၏ဆောင်ရွက်ချက်များသည် ရည်ရွယ်ချက်ပြည့်မီသောလုပ်ငန်းများကို ပြီး ဆုံး အောင်လုပ်ကိုင်နိုင်ခြင်းပေါ်မူတည်မည်ဖြစ်သည်ဟု စီးပွားရေးပညာရှင် ဦးကျော်ဝင်းကသုံးသပ်သည်။ သို့သော် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် သက်တမ်းသုံးနှစ်တွင် ပြီးစီးနိုင်သည့်အရာများ မပြီးစီးသည့် အခြေအနေတွင် ရှိနေသေးသည်ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀ တွင် ကုလသမဂ္ဂထောင်စုနှစ် ရည်မှန်းချက်အဖြစ် ၂၀၁၅ ခုနှစ် ရောက်ချိန် တွင် ဆင်းရဲနွမ်းပါးမှု ၂၆ ရာခိုင်နှုန်းအထိ လျှောချသွားမည်ဟု ကုလသမဂ္ဂတွင် ကတိပြုထားသည်။
ဦးကျော်ဝင်းက “ဒီအတိုင်းသွားနေရင် ၂၀၁၅ ခုနှစ်မှာ ဖြစ်မလာနိုင်ဘူး။ အားလုံးကို ခြံုပြောရရင် အစိုးရရဲ့ ရည်မှန်းချက်က မရောက်နိုင်ဘူး။ နောက်ဆုံးအောင်မြင်တယ် ဆိုရင်တောင် ရည်မှန်းချက်ရဲ့အောက် ပမာ ဏလောက်ပဲ ရနိုင်မယ်။ အဓိကတော့ မှန်မှန်တွေးတောဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ဖွံ့ဖြိုးရေးအ တွက်ဆိုရင် လယ်ယာဖွံ့ဖြိုးရေးလုပ်မယ် ပြောပေမယ့် လယ်သိမ်းတဲ့ကိစ္စတွေကမပြီးသေးဘဲ လိုအပ်ချက် တွေ အများကြီးရှိနေသေးတယ်”ဟုပြောသည်။
အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြံုရေးနှင့် အမျိုးသားအကျိုးစီးပွားကို ဆက်လက်ခြိမ်းခြောက်သည့် အပြင် မြန်မာစစ်တပ်အနေဖြင့် နိုင်ငံရေးနှင့်စီးပွားရေးတွင် ဆက်လက်ပါ၀င်နေခြင်း စသည့် အချက်များက စီးပွားရေးပိတ်ဆို့မှု၏ အဓိကဖြစ်သည်ဟု အိမ်ဖြူတော်က မေလ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။
အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့ မှုများသည် လက်ရှိအစိုးရသစ်လက်ထက်တွင် ကျန်ရှိနေသေးသော် လည်း နိုင်ငံ၏ အသားတင်ထုတ်ကုန်တန်ဖိုး GDP သည် ၂၀၁၃-၁၄ တွင် ခြောက်ရာခိုင်နှုန်းထိ တိုးမြှင့် ခဲ့ပြီး ၂၀၁၄-၁၅ တွင် ရ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးလာနိုင်သည်ဟု နိုင်ငံ တကာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) လည်း ၂၀၁၄ မတ်လတွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများကို ငွေကြေးဖြင့်တိုင်းတာပါက တိုးတက်မှုရှိလာသည်ဟု ဆိုနိုင် သော်လည်း အခြားငွေကြေးထက် တန်ဖိုးမဖြတ်နိုင်သည့် အရာများနှင့် နှိုင်းယှဉ်ပါက ပိုမိုဆုတ်ယုတ် လာ သည့် အခြေအနေများပင်ရှိနိုင်သဖြင့် အစိုးရအနေဖြင့် လုပ်သင့်လုပ်ထိုက်သည့် ဖွ့ံဖြိုးရေးလုပ်ငန်းများကို ရည်ရွယ်ချက် ပြည့်မီအောင် အချိန်မီဆောင်ရွက်နိုင်ရေးအတွက် အဓိကထားဆောင်ရွက်ရမည်ဟု ဦးကျော် ၀င်းက သုံးသပ်သည်။
အမေရိကန်အစိုးရသည် မြန်မာအစိုးရက လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အတိုက်အခံ နိုင်ငံရေးသမား များကို ဖိနှိပ်ခဲ့မှုကြောင့် အမေရိကန်စီးပွားရေးသမားများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမလုပ်ရန် ၁၉၉၇ ခုနှစ်တွင် အမိန့်ထုတ်ပြန်ခဲ့ပြီး ထိုမှတစ်ဆင့် ၂၀၁၃ ခုနှစ်အထိ သက်တမ်းတိုးလာခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံ၏ မြန်မာအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုတစ်ချို့ကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် တွင် ရုပ်သိမ်းကာ မြန်မာကုန်ပစ္စည်းများတင်ပို့ ခွင့်ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန် ခဲ့သော်လည်း ယင်းထုတ်ပြန်ချက်တွင် မြန်မာ့တွင်းထွက်ကျောက်စိမ်းနှင့် ပတ္တမြားတင်ပို့မှုများ မပါ၀င်ပေ။