အိုင်တီပညာရှင်များ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နိုင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ဂျပန်တို့ ပူးပေါင်းကူညီမည်

အိုင်တီပညာရှင်များ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နိုင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ဂျပန်တို့ ပူးပေါင်းကူညီမည်
by -
မဇ္စျိမ

အိုင်တီပညာရှင်များအတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် အထောက်အကူဖြစ်စေရန်နှင့် စွန့်ဦးတီထွင်သူ လူငယ်များအတွက် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ဂျပန်နိုင်ငံ CIESF အဖွဲ့တို့ပူးပေါင်းပြီး IT Business Plan ပြိုင်ပွဲများ ကျင်းပပြီး ဆုရရှိသူများကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်ရန် အကူအညီများပေးသွားမည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းတင့်က မဇ္ဈိမကို ပြောသည်။

ဒေါ်သန်းသန်းတင့်က“အိုင်တီပညာရှင်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အတွေ့အကြံုတွေရလာအောင် IT Business Plan ပြိုင်ပွဲတွေ ကျင်းပပေးတာပါ။ ပြည်တွင်းပြည်ပက ရင်းနှီးမြှုပ်နှံသူတွေနဲ့ ချိတ်ဆက်လုပ်ကိုင်နိုင်အောင်ပါ”ဟု ဆိုသည်။

mizzima17051402

ပြိုင်ပွဲဝင်များ တင်သွင်းယှဉ်ပြိုင်သည့် Project အများအနက်မှ အကဲဖြတ်အဖွဲ့မှ ရွေးချယ်သည့် Project များကို ပြင်ဆင်နိုင်ရန်အတွက် သင်တန်းပေးသွားမည်ဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲမှ ဆုရရှိသူများကို ပထမဆု ဒေါ်လာ ၃၀၀၀၊ ဒုတိယဆု ဒေါ်လာ ၂၀၀၀ နှင့် တတိယဆု ဒေါ်လာ ၁၀၀၀ ချီးမြှင့်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

၎င်းက“တင်သွင်းလာတဲ့ Project တွေထဲက ရွေးချယ်ခံရတဲ့ Project တွေကို သင်တန်းပေးပြီး ပြင်ဆင်နိုင်အောင် လုပ်ပေးမှာပါ။ ဒါတွေပြီးမှ ဒီ Project တွေထဲက အကောင်းဆုံးတွေကို ရွေးပြီးဆုပေးသွားမှာပါ”ဟုဆိုသည်။

ပြိုင်ပွဲဝင်များ ပါ၀င်ယှဉ်ပြိုင်သည့် Project များကို အကဲဖြတ်အဖွဲ့မှအပ မည်သည့်နေရာသို့မှ အသိပေးခြင်း၊ ပေါက်ကြားခြင်းမရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ပြိုင်ပွဲကျင်းပရေး ကော်မတီအဖွဲဝင် ဦးနေလင်းသန်းက မဇ္ဈိမကို ပြောသည်။

ဦးနေလင်းသန်းက “Project တွေကို အကဲဖြတ်တာ၊ ရွေးချယ်တာတွေကို အကဲဖြတ်အဖွဲ့ကပဲ လုပ်ပါတယ်။ အပြင်ဘက်ကို မပေါက်ကြားဖို့ကို တာဝန်ယူထားပါတယ်။ ပြိုင်ပွဲဝင်တွေရဲ့ Idea ကို ကာကွယ်ပေးထား ပါတယ်”ဟု ဆိုသည်။

ပြည်တွင်း အိုင်တီပညာရှင်များအနေဖြင့် နည်းပညာရပ်များတွင် ကျွမ်းကျင်သော်လည်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် အခက်အခဲများ လိုအပ်ချက်များရှိနေသဖြင့် ယခုကဲ့သို့ပြိုင်ပွဲများကျင်းပပေးခြင်းဖြစ် သည်ဟု ၎င်းက ဆက်လက်ပြောသည်။

၎င်းက“ပညာရှင်တွေက Programmar ဆိုရင် Program တွေပဲရေးတယ်။ ဒါဆိုရင် Coder တွေပဲ ဖြစ်လာမယ်။ သူတို့ရဲ့ ထုတ်ကုန်တွေကို စျေးကွက်ဝင်အောင်ဘယ်လို လုပ်မယ်ဆိုတာမျိုးတွေ ပိုပြီးသိလာဖို့အတွက် ဒီပြိုင်ပွဲတွေလုပ်တာပါ”ဟုပြောသည်။

ပါ၀င်ယှဉ်ပြိုင်လိုသူများအနေဖြင့် အိုင်တီနည်းပညာရပ်များအပေါ် အခြေခံသည့် Project များကို Business Plan များ ပေးပို့ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ပြိုင်ပွဲဝင်မည့် Project များကို ဇွန်လ ၁၅ ရက် နောက်ဆုံးထားပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရုံးသို့ ပေးပို့ရမည်ဖြစ်သည်။

ပြိုင်ပွဲစည်းကမ်းများ၊ ပါ၀င်ယှဉ်ပြိုင်ရာတွင် လိုအပ်မည့် အချက်အလက်များကို www.mcfmyanmar.org တွင် ရယူလေ့လာနိုင်မည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ရုံး ဖုန်း ၀၁ ၆၅၂၃၀၇၊ ၀၉၇၃၂၅၇၃၇၇ သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။