လမ်းရှောင် မပေးသည့် ကားဆရာများအား ဝ တပ်ဖွဲ့ ဝိုင်းရိုက်

လမ်းရှောင် မပေးသည့် ကားဆရာများအား ဝ တပ်ဖွဲ့ ဝိုင်းရိုက်
by -
သျှမ်းသံတော်ဆင့်

၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် တပ်မဟာ ၄၆၈ ထိန်းချုပ် နယ်မြေ မိုင်းပေါက် ဒေသ အတွင်း လမ်းပေါ်မှ လမ်းဘေးသို့ အထူး ရှောင်ပေးခြင်း မရှိသည့် မိုင်းခတ် မြို့နယ် မိုင်းငျဲန်း ကျေးရွာ အုပ်စု ဝင် ဒေသခံ များ၏ ကားများကို မေလ ၁၁ ရက်က  လိုက်လံ တားဆီးကာ  ၀ တပ်ဖွဲ့  အရာရှိငယ်များက ရိုက်နှက် ထိုးကြိတ်ခဲ့ကြောင်း ကားဆရာ အိုက်ပန်း ကပြောသည်။

“ကျနော်ကိုယ်တိုင်လဲ ၀တပ်ထဲကဘဲ။ ၀ - သျှမ်း ကပြားပါ။ အဲဒီနေ့ ကျနော်က ၀ တပ်ဖွဲ့ဝင် ဝတ်စုံမ ဝတ်ဘူး။ သေနတ်လဲမပါဘူး။ ကျနော်မောင်းတာ အရှိန်နဲနဲမြန်သွားတယ်။ ကျနော့် နောက်က  မောင်း လာတဲ့ ဗီဂို့ အနီ ကားနံပတ် WL-N 087 က ကျနော့်ကို အတင်းကျော်တက်ပြီး ရှေ့မှာ ထိုးရပ်တယ်။ ကားပေါ် ကနေ ဆင်းလာပြီး ကျနော့ကို လူတယောက် သေနတ်နဲ့ချိန်တယ်။ နောက်တယောက်က ဆွဲထိုးတော့တာဘဲ။ ဘာမှ မမေးဘူး” - ဟု ပြောသည်။

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် တပ်မဟာ ၄၆၈ နယ်မြေ အတွင်း ၀ တပ်ဖွဲ့ဝင် ကားများအား ဒေသခံပြည် သူလူထု ကားများမှ လမ်းရှောင် မပေးလျှင် ကားဆရာများ မကြာခဏ ရိုက်နှက် ထိုးကြိတ် ခြင်း ခံရသည်ဟု ဒေသခံ များက ပြောသည်။

ထို့အတူ ဝ တပ်ဖွဲ့ဝင်မဟုတ်သည့် ဒေသခံများလည်း တစိလ သုံး- လေးကြိမ်ထက်မနည်း  ထိုသို့ ထိုး ကြိတ်ရိုက်နှက်ခြင်းခံရသည်ဟု ကြားရကြောင်း၊ တပ်မဟာ ၄၆၈ လက်အောက်ခံ အရာရှိငယ်များက ကျူးလွန်ခြင်းဖြစ်ကြောင်း လည်း ဆိုသည်။

ခရီးသွားတဦးကလည်း ‘ကျနော် မိုင်းငျဲန်း ကနေ မိုင်းပေါက် သွားတယ်။ နမ့်ဆော့ တံတားနားက သျှံဖေါင်းတပ်စခန်းနားမှာ  လမ်းဘေးအောက်ရှောင်မပေးရကောင်းလားဆိုပြီး ကျနော့်ကို ကားပေါ် ကနေဆွဲချတယ်။ ပြီးတော့ ထိုးတော့တာဘဲ။ ဇက်တွေ နားထင်တွေမှာ ထိုးခံရတယ်။ ၀ လူမျိုး မဟုတ် ရင်၊  ၀ စကား တရုတ်စကားမတတ်ရင် သက်သက်ရိုက်နှက်တာလို့ထင်တာဘဲဗျာ’ ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အမည်မဖေါ်လိုသည့် ၀ တပ်ဖွဲ့အရာရှိတဦးက ‘လူထုကို နှိပ်ကွပ် တဲ့ပေါ် လစီ ကျနော်တို့မှာမရှိဘူး။ ကျနော်လဲ ကြားပါတယ်။ အရာရှိသားသမီးတချို့နဲ့ အသိဉာဏ်မကြွယ်ဝ သေးတဲ့ အရာရှိငယ်တချို့ပါ။ စိစစ် ကြပ်မတ်နိုင်အောင် ကျနော်တို့ အထက်ကို တင်ပြပေးသွားပါ့မယ်” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။
 
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းမြို့နယ် မိုင်းပေါက် အခြေစိုက် တပ်မဟာ ၄၆၈ သည် ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် တပ်မဟာများအနက် ငွေအား၊ လူအား၊ တိုက်ခိုက်ရေးအင်အား အတောင့် တင်းဆုံးတပ်မဟာကြီးတခုဖြစ်သည်။

Most read this week