နမ့်ခမ်းမြို့ မူးယစ်ဆေး ရောင်းဝယ် သုံးစွဲ သူ များပြား

နမ့်ခမ်းမြို့ မူးယစ်ဆေး ရောင်းဝယ် သုံးစွဲ သူ များပြား
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်တွင် မူးယစ်ဆေးဝါးများလွယ်ကူစွာဝယ်ယူ သုံးစွဲနိုင်သောကြောင့် သုံးစွဲသူ များလာကာ မူးယစ်ဆေးရပ်ကွက်ဟုပင် နာမည်ထွက်နေကြောင်း စုံစမ်း သိရှိရသည်။

နမ့်ခမ်းမြို့ ကုန်းကုလားရပ်ကွက် အနီးတွင် တရုတ်၊ သျှမ်း၊ တအာင်းလူမျိုးများ ဖြစ်ကြသည့် လူငယ်၊ လူရွယ်မက အသက် ၆၀ နှင့် အမျိုးသမီးငယ်များပါ တရက်လျှင် ၂၀၀ ထက်မနည်း ဘိန်းဖြူ၊ ယာဘ၊ အိုက်စ် နှင့် အခြားမူး ယစ်ဆေးဝါးများ ဝယ်ယူ သုံးစွဲလျက်ရှိကြောင်း နီးစပ်သူများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ကုန်းကုလားရွာအဝင် (ဓါတ်ပုံ -TMMG)

“ဆေးသုံးလူတွေက သွားလည်တဲ့ပုံစံအတိုင်းသွားကြတယ်။ ဓါးတွေ ဘာတွေနဲ့ဆိုတော့ သူတို့ကို ဘယ်သူမှ အနီးမကပ်ရဲဘူး။ ဘယ်သူတွေလဲ ဘယ်ကလာကြတာလဲဆိုတာ မကြည့်ရဲကြဘူး” ဟု ကုန်းကုလား ရပ်ကွက် သားတဦးကပြောသည်။

ယခင်က နမ့်ခမ်းမြို့နယ်အတွင်း ဟိုနမ့်ရပ်ကွက်တွင်သာ ယာဘ မူးယစ်ဆေး ပေါများသည်ဟုနာမည်ကြီး နေသော် လည်း ယခုအခါ မြို့တွင်းရပ်ကွက်နှင့်နီးသော ကုန်းကုလားရပ်ကွက်သို့ပါ ကူးလာပြီဖြစ်ကြောင်း  ရွာသားများကပြောဆိုပါသည်။

ကုန်းကုလားရပ်ကွက်အတွင်း ရပ်မိရပ်ဖတဦးကလည်း “ သူတို့တွေက လူအင်အားများတယ်။ ရပ်ကွက်ထဲကိုဖြတ် သန်းသွားလာနေတော့ အိမ်ရှင် မရှိရင်လည်း ပစ္စည်းတွေ ခိုးယူရောင်းစားကြတယ်။ ဒီကိစ္စ တာဝန်ရှိပုဂ္ဂိုလ်တွေ အာဏာပိုင်တွေကိုလည်း တိုင်တန်းထားတယ်။  ဘာမှသူတို့လုပ်မပေးနိုင်ဘူး။ ကျနော်တို့လည်း ကိုယ့်ရွာသား တွေ ရန်ပြုခံရမှာကြောက်လို့ဘာမှသွားမပြောရဲဘူး။ မတားရဲကြဘူး။” ဟု ဆိုပါသည်။

SNLD ကျားခေါင်းပါတီမှ စိုင်းလိန်မြတ်က “ ကုန်းကုလား ရပ်ကွက်အကြီးအကဲတွေ ရပ်မိရပ်ဖတွေက အာဏာ ပိုင်တွေကိုတင်ပြ ထားတာတွေရှိတယ်။ ကျနော်တို့လည်း ကျားဖြူပါတီ ၊ မြို့မ ပြည်သူ့စစ်နဲ့ မြို့နယ်တွင်း အာဏာပိုင်တွေနဲ့တိုင်ပင်ပြီးတော့မှ ပြသနာဖြေရှင်းဖို့ ဆွေးနွေးသွားပါမယ်” ဟု သျှမ်းသံတော်ဆင့် အားပြော သည်။

နမ့်ခမ်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး ပေါများမှုနှင့်ပတ်သက်၍ သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ Shan Drug Watch က နမ့်ခမ်းမြို့သည် နယ်စပ်မြို့ဖြစ်ကာ စစ်မြေပြင်အတွင်းတည်ရှိနေခြင်း၊  ကြံ့ခိုင်ရေးပါ တီ၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေသတွင်းပြည်သူ့စစ် တပ်ဖွဲ့ ခေါင်း ဆောင်ပန်းဆေးကျော်မြင့် သည် မူးယစ်းဝါးနှင့်တိုက်ရိုက်ပတ်သက်ခြင်းနှင့်  အစိုးရကိုယ်တိုင် ထိုဒေသအတွင်းမူးယစ်ဆေးဝါး ထိရောက်စွာစွာအရေးယူခြင်းမရှိသောကြောင့်ဖြစ်သည်ဟု ပြောဆိုပါသည်။

နမ့်ခမ်းမြို့နယ်အတွင်း ယာဘဈေးနှုန်းမှာ WY စာတမ်းပါ ပန်းရောင်ဆေးပြား တပြား ၁၅၀၀ ကျပ်၊  WY ပထမတန်း ၂၅၀၀ ကျပ် ၊ X တံဆိပ် တပြား ၂၅၀၀ ကျပ်၊ ၈၈၁ တံဆိပ် တပြား ၂၀၀ ကျပ်ရှိကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

Most read this week