ရခိုင်ပြည်နယ်တွင် ဒေသလုံခြံုရေးအခြေအနေကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ဥပဒေ ဖောက်ဖျက်သူများကို မေလ အကုန်မှ စ၍ စတင်အရေးယူမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က မေ ၁၅ ရက်တွင် မဇ္ဈိမကိုပြောသည်။
ရခိုင်ပြည်နယ် မြို့နယ်များတွင် ညမထွက်ရ အမိန့်ကို ဖောက်ဖျက်ပါက အရေးယူ ခံရမည်ဟု မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မေလ ဒုတိယအပတ်က စတင်၍ ရခိုင်ပြည်သူလူထုသို့ ကြေညာလိုက်ခြင်းဖြစ်ပြီး နေ့စဉ်ကြေညာလျှက်ရှိသည် ဟုဆိုသည်။
“လုံခြံုရေးအရ လျှော့ပေးနိုင်တဲ့အတွက် အချိန်လျော့ပေးထားတာတွေရှိတယ်။ ဒါပေမယ့် ကျန်တဲ့အချိန်ကိုတော့ ကြပ်မတ်ဖို့လိုတယ်။ ဒါကြောင့် ကြိုတင်အသိပေး ကြေညာထားတာ”ဟု ဦးဝင်းမြိုင်ကပြောသည်။
ရခိုင်ပြည်နယ် စစ်တွေ၊ဘူးသီးတောင်၊ မောင်တောနှင့် မြို့နယ် အများစုတွင် ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည်။
အချို့မြို့နယ်များကိုမူ နံနက် ၆ နာရီက ည ၁ဝ နာရီအထိ သွားလာခွင့်ပြုထားသည်။
ရခိုင်ပြည်နယ်တွင်း ပုဒ်မ ၁၄၄ ကို ပြန်လည်တင်းကြပ်ခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ရောက် အမေရိကန် နိုင်ငံသားများ အနေဖြင့် သတိထားနိုင်ရေးအတွက် အမေရိကန်သံရုံးကလည်း ထပ်ဆင့် သတိပေးထုတ်ပြန် ထားသည်။
လတ်တလော ရခိုင်ပြည်နယ်၏ လုံခြံုရေးအနေအထားကိုမူ “ဥပဒေကိုလိုက်နာဖို့ အတွက်သာ တင်းကြပ်တာပါ၊ အထွေအထူး စိုးရိမ်စရာမရှိပါဘူး”ဟု ဦးဝင်းမြိုင်ကဆိုသည်။ လက်ရှိအခြေအနေအထိ ဖမ်းဆီးခြင်းမရှိသေး ဟုလည်း သူကပြောသည်။
စစ်တွေမြို့တွင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ၏ ရုံးခန်းများကို တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ယခင်က ပြန်လည် လျှော့ချခဲ့သည့် ပုဒ်မ ၁၄၄ ကို ထပ်မံ တင်းကြပ်လိုက်ခြင်းဖြစ်သည်။