ရခိုင်အမျိုးသားနေ့ ရန်ကုန်အပါအဝင် ရခိုင်မြို့များတွင် ပြုလုပ်

ရခိုင်အမျိုးသားနေ့ ရန်ကုန်အပါအဝင် ရခိုင်မြို့များတွင် ပြုလုပ်
by -
နိရဥ္စရာ

မေလ ၁၄ရက်နေ့တွင် ကျရောက်သည့် ပထမအကြိမ် ရခိုင်အမျိုးသားနေ့ကို ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်ရှိ ရခိုင်ဓမ္မာရုံတွင် နံနက်၈နာရီအချိန်တွင် ပြုလုပ်ခဲ့ကြပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင်လည်း အသီးသီး ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံ – နိရဥ္စရာ)

ရန်ကုန်တွင်ပြုလုပ်သော အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းရေးရာ ဝန်ကြီးဌာနနှင့် ရန်ကုန်ရှိ ရခိုင်အသင်းအဖွဲ့များက စုပေါင်း ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က “အမျိုးသားနေ့ သတ်မှတ်တာ ကျနော်တို့ နောက်ကျပေမယ့်လည်း နှစ်စဉ် နှစ်တိုင်း ကျင်းပပြုလုပ်သွားရမှာကတော့ ကျနော်တို့ ရခိုင်တစ်မျိုးသားလုံးမှာ တာဝန်ရှိပါတယ်။” ဟု အခမ်းအနားတွင် ပြောကြားသွားသည်။

အခမ်းအနားတွင် ရခိုင်အမျိုးသားပါတီ ပ-ခေါင်းဆောင် ဦးအေးသာအောင်၊ ဒု-ခေါင်းဆောင် ဒေါက်တာ အေးမောင်နှင့် ဖိတ်ကြားထားသော နိုင်ငံခြားသားများအပါအဝင် စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့သည်။

စစ်တွေမြို့

စစ်တွေမြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံ – ကျော်ဝင်း)

ရခိုင်အမျိုးသားနေ့ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း ယမန်နေ့ နံနက် ရ နာရီက အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးတွင် စည်းကားစွာ ကျင်းပခဲ့သည်။

၎င်းအခမ်းအနားကို ရက္ခိုင့်တပ်မတော်မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်၊ ဒု-ဗိုလ်မှူးကြီး ကျော်ဟန် နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ စုစုပေါင်း ၁၀၀ ခန့်တက်ရောက်ခဲ့ကြသည်။

မြောက်ဦး

မြောက်ဦးမြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံ – အောင်စိုးမြင့်)

 
မြောက်ဦးမြို့တွင် ကျင်းပသော ရခိုင်အမျိုသားနေ့ကို မေလ ၁၄ရက် နေ့လည် (၁) နာရီအချိန်တွင် နန်းတော်ကုန်း တတိယအထပ်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် ရခိုင်မင်္ဂလာစည်တော်အဖွဲ့နှင့် ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့တို့က ရခိုင်ရိုးရာ ယိမ်းအက များနှင့် တင်ဆက် ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကို စာပေပညာရှင်များ၊ သံဃာတော်များက ရခိုင်အမျိုးသားနိ ပေါ်ပေါက်လာပုံနှင့် ပတ်သက်ပြီး ဟောပြောခဲ့ကြသည်။

မောင်တောမြို့

မောင်တောမြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံ – Western Gate Guard)

 
ပထမအကြိမ် ရခိုင်အမျိုးသားနေ့အား ရခိုင်ပြည်နယ် နယ်စပ်မြို့ ဖြစ်သော မောင်တောမြို့တွင်လည်း ယမန်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားကို မြို့မပရိယတ္တိစာသင်တိုက်တွင် နံနက် ၉နာရီအချိန်တွင် ပြုလုပ်ခဲ့ကြပြီး ဆရာတော်ကြီးများ၊ ရခိုင်အမျိုးသားပါတီ (မောင်တော)မှ တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ အသီးသီး တက်ရောက်ခဲ့ကြသည်။

ရခိုင်အမျိုးသားနေ့အား နှစ်စဉ်နှစ်တိုက် စဉ်ဆက်မပြတ် ကျင်းပရန်အတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလားတူ ရခိုင်အမျိုးသားနေ့ အခမ်းအနားများကို ဘူးသီးတောင်၊ ကျောက်တော်၊ ကျောက်ဖြူ စသည့်မြို့များတွင်လည်း ပြုလုပ်ခဲ့ကြသည်။

ကျောက်ဖြူမြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားနေ့ကို လွန်ဆွဲပွဲ စသည့် ပျော်ပွဲ ရွင်ပွဲများဖြင့်လည်း ကျင်းပခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

ရခိုင်အမျိုးသားနေ့ သတ်မှတ်ရန်အတွက် စကာတင် သုံးရက်အဖြစ် မဟာမုနိရုပ်ရှင်တော် သွန်းလုပ်ပူဇော်သောနေ့၊ ရခိုင်အမျိုးသားညီလာခံ ကျင်းပသည့်နေ့၊ ရခိုင်ပြည်နယ်၏ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ကို တည်ထောင်သော နေ့များကို ရခိုင်အမျိုးသားညီလာခံတွင် ရွေးချယ်ခဲ့ကြသည်။

ထိုထဲမှ မဟာမုနိရှင်တော်မြတ်အား သွန်းလုပ်ပူဇော်ခဲ့သည့် ကဆုန်လပြည့်ကျော် (၁)ရက်နေ့ကို ရခိုင်အမျိုးသားနေ့ အဖြစ် ဧပြီလ ၂၇ရက်နေ့မှ မေလ ၁ရက်နေ့အထိ ကျောက်ဖြူတွင် ကျင်းပခဲ့သော ရခိုင်အမျိုးသားညီလာခံတွင် သတ်မှတ်ခဲ့ကြသည်။

Most read this week