U-12 International Football ပြိုင်ပွဲအတွက် ဂျပန်အသင်းတွင် ရခိုင်လူငယ်တဦး ရွေးချယ်ခံရ

U-12 International Football ပြိုင်ပွဲအတွက် ဂျပန်အသင်းတွင် ရခိုင်လူငယ်တဦး ရွေးချယ်ခံရ
by -
နိရဥ္စရာ

ဂျာမဏီနိုင်ငံတွင် လာမည့် သြဂတ်စ်လ ၁ရက်နေ့မှ ၉ရက်နေ့အထိ ပြုလုပ်မည့် U-12 International ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျပန် လူငယ် လက်ရွေးစင်အသင်းတွင် ရခိုင်လူငယ်တစ်ဦး ရွေးချယ်ခံရကြောင်း သိရှိရသည်။

ရွေးချယ်ခံရသည့် ရခိုင်လူငယ်မှာ ရခိုင်အမျိုးသား ဦးမြတ်သူ၏သား အသက် (၁၂) အရွယ် မောင်ကောင်းဇံမြ ဖြစ်သည်။

u12 narinjara

နိုင်ငံတကာအဆင့်ရှိသည့် ဂျပန်အသင်းတွင် သားဖြစ်သူ ရွေးချယ်ခံရသည့်အတွက် ဝမ်းသာ ဂုဏ်ယူမိကြောင်း ဦးမြတ်သူက နိရဥ္စရာသို့ပြောသည်။

“ဂျပန် အမျိုးသားဘောလုံးအသင်းရော၊ အမျိုးသမီးအသင်းပါ အာရှတိုက်မှာဆိုရင် အဆင့်(၁) နေရာမှာ ရှိသလို ကမ္ဘာ့အဆင့်မှာဆိုရင်လည်း အဆင့်အတန်းရှိတဲ့ အသင်းတွေဖြစ်ပါတယ်။ အဲလို ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသား ရခိုင်လူမျိုးတယောက် ရွေးချယ်ခံရတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။”

ဂျပန်နိုင်ငံတဝှမ်းမှ ဝင်ရောက် အရွေးချယ်ခံသည့် အသက် (၁၂နှစ်) အောက် လူငယ် အားကစားသမား ၉၀၀ကျော်ထဲမှ ရွေးချယ်သည့် ၂၃ဦးစာရင်းတွင် ဂျပန်လက်ရွေးစင် (Goal Keeper) အဖြစ်ရွေးချယ် ခံရခြင်းဖြစ်သည်။

ရခိုင်လူငယ် ကောင်းဇံမြကို ဂျပန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး ဦးမြတ်သူတို့ မိသားစုမှာ ဂျပန်နိုင်ငံတွင် နိုင်ငံသား အဖြစ် အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူများ ဖြစ်ကြသည်။

မောင်ကောင်းဇံမြ ဘောလုံးစကစား ဖြစ်ပုံနှင့် ပတ်သက်၍လည်း ဦးမြတ်သူက “အစကတော့ တင်းနစ် ကစားပါတယ်။ တင်းနစ် ကစားနေရာကနေ နောက်ပိုင်း သူဘောလုံးကစားတာကို ရွေးချယ်လိုက်ပါတယ်။ တော်တော်ကြိုးစားပါတယ်။ နောက် Buddy ဆိုတဲ့ ကလပ်အသင်းကို ဝင်တယ်။ အသင်းထဲမှာ ဆုတွေ ခဏ ခဏရပါတယ်။ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။” ဟု သူက ပြောသည်။

ကောင်းဇံမြ ဘောလုံးကစားသည့် ကာလ တောက်လျှောက်တွင် ဖခင်ဖြစ်သူအနေဖြင့် ပံ့ပိုး အားပေးခဲ့ပြီး အနာဂတ်တွင်လည်း ဘောလုံးသမားကောင်း တစ်ယောက်ဖြစ်အောင် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဦးမြတ်သူက ပြောသည်။

ဦးမြတ်သူမှာ ရခိုင်ပြည်နယ် ကျောက်ဖြူ ဇာတိဖြစ်ပြီး မြန်မာ့လက်ရွေးစင် ဘော်လီဘော အားကစား သမားဟောင်း တစ်ဦးလည်းဖြစ်သည်။

Most read this week