KIA နှင့် အစိုးရ ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ ဖွဲ့စည်း

KIA နှင့် အစိုးရ ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ ဖွဲ့စည်း
by -
သျှမ်းသံတော်ဆင့်

ကချင်လွတ်မြောက်ရေး တပ်မတော် KIA နှင့် မြန်မာ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ မေလ ၁၃ ရက်က တွေ့ဆုံ ကြပြီး နောက် ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ကို ဖွဲ့စည်း နိုင်ခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။

“အစကဆွေးနွေးပွဲကို ၂ ရက်လုပ်ဖို့စီစဉ်ထားတာ။ ဆွေးနွေးမှုကတော့အေးဆေးပါဘဲ။ ကချင်တပ်မတော် ဘက်က တိုက်ပွဲ တွေဆက်လက်ဖြစ်ပွါးနေတဲ့အကြောင်းတွေကိုအဓိကထားဆွေးနွေးချင်တယ်။ ဒါပေမယ့် ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ ဖွဲ့ရအောင် လား လို့ ကချင်ဘက်ကတင်ပြတော့ ဦးအောင်မင်းတို့လည်း သဘောတူပြီး အဲဒီအတွက် မူကြမ်းတွေရေးဆွဲဖို့ ဆွေးနွေးပြီး အစည်းအဝေးက အေးအေးဆေးဆေးနဲ့ပြီးဆုံးသွားတာ” ဟု ဆွေးနွေးပွဲတက်ရောက်နားထောင်သူ သျှမ်းပြည် တိုးတက်ရေး ပါတီဝင်တဦးကပြောသည်။

kia meeting

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် KIA ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပွဲကို ကချင်ပြည် နယ် မြစ်ကြီးနားမြို့ စီတာပူ မနောကွင်း မဂျွယ်ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

“ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့က တဖက် ၅ ယောက်ပါတယ်။ ကချင်တပ်မတော်နဲ့ အစိုးရကြားဘဲ။ ကေအိုင်အေဘက်က ဦးဆွမ်လွတ်ဂမ် နဲ့ ဗိုလ်ချုပ်ဂွမ်မော် တို့ဦးဆောင်တဲ့အဖွဲ့နဲ့ မြန်မာအစိုးရဘက်က ဦးအောင်မင်းနဲ့ ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့။ သူတို့က ၂၀၁၃ အောက်တိုဘာ ၁၀ ရက်နေ့သဘောတူညီချက် မှာပါတဲ့ ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေးယန္တယား ကို ပထမအဆင့် အကောင်အထည် ဖော်တဲ့အနေနဲ့ ဒီပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကိုဖွဲ့စည်းလိုက်တာ ” ဟု ဆိုပါသည်။

ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့မှ လုပ်ငန်းအကောင်အထည်ဖော်ဖို့ ဆွေးနွေးပွဲများဆက်လက်ကျင်းပ သွားရန်အတွက် နှစ်ဘက်ကိုယ်စားလှယ်များ ညှိနှိုင်းသွား ကြမည်ဟုလည်းဆိုပါသည်။

မေလ ၁၃ ရက်ဆွေးနွေးပွဲတွင် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ဖွဲ့စည်းခြင်းအချက်အပါအဝင်၊ နှစ်ဘက်ကိုယ် စား လှယ်များက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဟန့်အတားဖြစ်စေမည့်ဖြစ်စဉ်ထပ်မံ မဖြစ်ပွါးအောင်ဆက်လက် ဆွေးနွေးသွားရန်၊ နှစ်ဦးနှစ်ဘက် နားလည်မှုကိုပျက်ပြားစေမည့်မီဒီယာများ၏လွဲမှားပြောဆိုမှု အစရှိအချက်များ ပါဝင်သော ပူးတွဲထုတ်ပြန်ကြေငြာချက် တစောင်ကို ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွါးနေခြင်းမှာ ပြီးခဲ့သော ဆွေးနွေးပွဲများမှသဘောတူညီ ချက် များ ကို လိုက်နာမှုမရှိခြင်းကြောင့်ဖြစ်ရကြောင်း ဆွေးနွေးပွဲအတွင်းပြောဆိုခဲ့ကြသေးသည်ဟုဆိုပါသည်။

Guam Maw AM  LMS

အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ  ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ဦးခင်ရီ၊ ဦးခင်မောင်စိုး ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကေအိုင်အိုဘက်မှ အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် အပါအဝင် တာဝန် ရှိသူများ တက်ရောက်သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ရုံးမှ ကိုယ်စားလှယ် ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အာရှရေးရာ အထူးကိုယ်စား လှယ်များလည်း တက်ရောက်ခဲ့ကြပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဘက်ကမူ ညီညွတ်သောတိုင်းရင်းသား လူမျိုး များ မဟာမိတ်အဖွဲ့ (UNFC)၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့(NCCT)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ သျှမ်းပြည် တိုးတက်ရေး ပါတီ(SSPP) တို့လေ့လာသူ အနေဖြင့်တက်ရောက်ခဲ့ ကြသည်။ သို့သော် ၀ နှင့်မိုင်းလားတပ်ဖွဲ့တို့တက်ရောက်ခြင်းမရှိခဲ့ပေ။