ဖွဲ့စည်းပုံပြင်ဆင်ရာတွင် အဟန့်အတားဖြစ်နေသည့် အခြေခံဥပဒေ ၊အခန်း ၁၂၊ ပုဒ်မ ၄၃၆ ပါ ပြဋ္ဌာန်းချက်ကို ဦးစွာပြင်ရန် လွှတ်တော်ဆန္ဒမရှိပါက အမတ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်တို့ကို တိုက်ရိုက် ချဉ်းကပ်ဆွေးနွေးရန် စီစဉ်ထားသည်ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးဂျင်မီက မေ ၁၃ ရက်တွင် မဇိ်္စျမကို ပြောသည်။
“ကျွန်တော်တို့ ဒီဟာကိုပြင်ဆင်ဖို့ အတွက်ကို လိုအပ်ရင် လွှတ်တော်ထဲက ကိုယ်စားလှယ်တွေနဲ့ တိုက် ရိုက်တွေ့မယ်။ ပါတီကိုတော့ အဓိကမထားဘူး။ ဒါပေမဲ့ လွှတ်တော်အတွင်းက တိုင်းရင်းသားပဲ ဖြစ်ဖြစ်၊ ပြည်ခိုင်ဖြိုးပဲဖြစ်ဖြစ် အကုန်လုံး ပါ၀င်လာဖို့ လုပ်သင့်ရင် လုပ်မယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ ငြိမ်းပွင့်တို့၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ပါ၀င်သူ ၄င်းက ပြောသည်။
လက်ရှိတွင် NLD နှင့် ၈၈ ငြိမ်း/ပွင့်တို့သည် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ လူထုဟောပြောပွဲများ၊ ပြည်သူ့ များထံမှ သဘောဆန္ဒလက်မှတ်ရယူရန် အစီအစဉ်များကို ထုတ်ပြန်ကြေညာပြီးလည်း ဖြစ်သည်။
ထို့ပြင် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရန် လွှတ်တော်တွင်း ထောက်ခံချက် အနိမ့်ဆုံး ရ၅ ရာခိုင်နှုန်း လိုအပ်ခြင်း၊ ယင်းအပြင် လူထုဆန္ဒခံယူပွဲ ကျင်းပရန်ပင် လိုအပ်သည့် ပြဋ္ဌာန်းချက်များ ပါရှိနေသည့် လက်ရှိ အခြေခံ ဥပဒေ၏ အခန်း ၁၂၊ ပုဒ်မ ၄၃၆ကို ဦးစွာ ပြင်ရန်လိုသည်ဟုလည်း ထုတ်ဖော် ပြောဆိုထားကြသည်။
လတ်တလော ဆောင်ရွက်နေသည့် လူထုဟောပြောပွဲနှင့် သဘောဆန္ဒရယူခြင်း နည်းလမ်းဖြင့် လွှတ် တော် ကိုယ်စားလှယ်တို့ကို မဆွဲဆောင်နိုင်ပါက အမတ်များ၊ တပ်မတော်သားတို့နှင့် တိုက်ရိုက်ဆွေးနွေးသည့် နည်းလမ်းဖြင့် ဆက်လက် ကြိုးပမ်းမည်ဟု ဦးဂျင်မီက အသိပေးခြင်းဖြစ်သည်။
“ဖွဲ့စည်းပုံပြင်ဆင်ရေးက ပြည်သူတွေအားလုံးရဲ့တာဝန်ဖြစ်သလို ပြည်သူတွေက ဒီလိုဆန္ဒရှိပါတယ် ဆို တာကို ဖော်ပြလာရင် ကျွန်တော်တို့က တပ်မတော်နဲ့လွှတ်တော်ကိုယ်စားလှယ်တွေ ပါ၀င်လာနိုင်အောင်လို့အတွက် ပြည်သူ့ဆန္ဒအရပြင်ဖို့ လတ်မှတ်ထိုးတာတွေကို ကာကွယ်ရေးဦးစီးချုပ်လိုမျိုး တပ်ပိုင်းအကြီး အကဲဆီကိုလည်း ပို့မယ်။ ပြည်သူတွေက ဆန္ဒဒီလိုရှိတယ်ဆိုရင် တပ်နဲ့ အမတ်တွေကလည်း ဖြည့်ဆည်းပေးနိုင်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
NLD နှင့် ၈၈ ငြိမ်း/ပွင့်တို့၏ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ပူးပေါင်းဟောပြောပွဲကို မေ ၁၇ရက်တွင် ရန်ကုန် မြို့ ဗိုလ်စိန်မှန်ကွင်း၊ မေ ၁၈ ရက်တွင် မန္တလေးမြို့ အောင်ပင်လယ်ကွင်းတို့တွင် ကျင်းပမည် ဖြစ်သည်။ လူထု ထောက်ခံမှု လက်မှတ်များကောက်ခံခြင်းကိုမူ မေ ၂၇ရက်မှ ဇူလိုင် ၁၉ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ဆောင်ရွက်ရန် စီစဉ်ထားသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေး အဆုံးအဖြတ်ပေးရမည့် ပြည်ထောင်စုလွှတ်တော်အတွင်း၌ ပြည်ခိုင်ဖြိုး အမတ် ၅၂ ရာခိုင်နှုန်း၊ ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးထားသည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းတို့က အများ ဆုံး အင်အားစုများအဖြစ် ရပ်တည်နေသည်။ ယင်းအရေးဆောင်ရွက်ရန် ဖွဲ့စည်းပုံပြင်ဆင်နိုင်မှု ကော်မတီ ကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသော်လည်း သုံးလကျော်ချိန်အထိ လုပ်ငန်းစဉ်ပင် ချမှတ်နိုင် ခြင်းမရှိသေးပေ။