ရခိုင်အမျိုးသားနေ့ဂုဏ်ပြုသည့် ရခိုင်ရိုးရာ“ကျင်” ပွဲရန်ကုန်တွင်ကျင်းပ

ရခိုင်အမျိုးသားနေ့ဂုဏ်ပြုသည့် ရခိုင်ရိုးရာ“ကျင်” ပွဲရန်ကုန်တွင်ကျင်းပ
by -
နိရဥ္စရာ

မေလ ၁၄ရက်နေ့တွင် ကျရောက်သည့် ရခိုင်အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရခိုင်ရိုးရာ အားကစားတခုဖြစ်သော “ကျင်” ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အောင်မြေသာယာ ဘုရားဝင်းတွင် ရခိုင်အမျိုးသား လူမှုရေး အသင်း (လှိုင်သာယာ)မှ ဦးဆောင်ပြီး ကျင်းပလျှက်ရှိသည်။

“ရခိုင်အမျိုးသားညီလာခံက သတ်မှတ်လိုက်တဲ့ မနက် ဖြန်ကျရောက်မယ့် ရခိုင်အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အားဖြင့် ကျနော်တို့ ပွဲတခုခု လုပ်ရင် ကောင်း မယ်ဆိုပြီးတော့ လုပ်ကြတာပါ ” ဟု ရခိုင်အမျိုးသား လူမှုရေးအသင်း (လှိုင်သာယာ)မှ ဥက္ကဌ ကိုစံညွန့်က နိရဥ္စရာသို့ ပြောသည်။
narinjara14051402

လှိုင်သာယာတွင် ရခိုင်ဓမ္မာရုံတစ်ရုံ ဆောက်လုပ်ထားရာ ဆွမ်းချက်ဆောင်တွင် အမိုးမကာနိုင်သေးသည့် အတွက်ကြောင့်လည်း ရန်ပုံငွေရရှိရန် စီစဉ်ရခြင်း ဖြစ်ကြောင်း၊ ရန်ပုံငွေအတွက် လက်မှတ်များ ရောင်းချ ထားကြောင်းဖြင်လည်း သူက ပြောသည်။

၎င်းပွဲကို ပထမနေ့အဖြစ် ယမန်နေ့ နေ့လည် ၃နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ညနေ ၆နာရီအထိ ဆင်နွဲခဲ့ကြကာ နောက်ဆုံးနေ့အဖြစ် ယနေ့တွင် နံနက် ၉နာရီခွဲမှ ညနေ ၆နာရီအထိ ပြုလုပ်သွားမည်ဟု သိရသည်။

ကျင် ပွဲစဉ်များကြည့်ရှု့ရန်အတွက် လက်မှတ်တစ်စောင်ကို ကျပ်ငွေ ၁၀၀၀ နှုန်းဖြင့် စောင်ရေ ၁၀၀၀ခန့် ရောင်းချထားပြီး ဖြစ်သည်ဟု သူက ဆိုသည်။

ယခု ဂုဏ်ပြုကြိုဆိုပွဲအား ရခိုင်အမျိုးသားနေ့ မတိုင်မှီ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍လည်း သူက “ရခိုင် အမျိုးသားနေ့မှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတို့ ဦးဆောင်ပြီးတော့ တခြားပွဲတွေ လုပ်ဖို့ အစီစဉ် တွေရှိပါတယ်။ ကျနော်တို့လည်း အဲဒီနေ့မှာ လုပ်ရင် ပွဲတွေက ထပ်နေမယ်၊ ဆိုတော့ ဟိုမှာလည်းလုပ် ဒီမှာ လည်းလုပ်ဆိုတော့ တက်ရောက်မယ့်လူတွေက တနေရာတစုစီ ဖြစ်နေမယ်။ အဲဒါကြောင့်မို့လို့ အခုလို လုပ်ဖြစ်တာပါ။”

ပြိုင်ပွဲတွင် ရွှေမောင်းတန်း၊ ငွေမောင်းတန်းဟု ပြိုင်ပွဲအမျိုးအစား၂မျိုးပါဝင်ပြီး ရွှေမောင်းတန်းတွင် ပထမဆု – ရွှေတစ်ကျပ်သား၊ ဒုတိယဆု – ရွှေငါးမူးသား (ကျပ်ခွဲ)၊ တတိယဆု – ကျပ်ငွေတစ်သိန်း တို့ဖြစ်ပြီး ငွေမောင်းတန်းတွင် ပထမဆု – ရွှေငါးမူးသား (ကျပ်ခွဲ)၊ ဒုတိယဆု – ရွှေတစ်မတ်သား၊ တတိယဆု – ကျပ်ငွေ ၈သောင်း အသီးသီး ချီးမြှင့်သွားမည်ဟု သိရသည်။

မဟာမုနိရှင်တော်မြတ်အား သွန်းလုပ်ပူဇော်ခဲ့သည့် ကဆုန်လပြည့်ကျော် (၁)ရက်နေ့ကို ရခိုင်အမျိုးသားနေ့ အဖြစ် ဧပြီလ ၂၇ရက်နေ့မှ မေလ ၁ရက်နေ့အထိ ကျောက်ဖြူတွင် ကျင်းပခဲ့သော ရခိုင်အမျိုးသားညီလာခံတွင် သတ်မှတ်ခဲ့ကြသည်။

ပထမအကြိမ်အဖြစ် ရခိုင်အမျိုးသားနေ့ကို ရန်ကုန်မြို့ရှိ ရခိုင်ဓမ္မာရုံ၌ မေလ ၁၄ရက်နေ့တွင် ရခိုင်တိုင်းရင်း သား ရေးရာ ဝန်ကြီးဌာန (ရန်ကုန်တိုင်းဒေသကြီး)နှင့် ရန်ကုန်ရှိ ရခိုင်အသင်းအဖွဲ့များက စီစဉ်ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

Most read this week