သျှမ်းပြည်မြောက်ပိုင်း၊နမ့်ခမ်းမြို့၊ပေါက်တိုက်ရပ်ကွက် ပြည်ထောင်စုလမ်းမတလျှောက် လမ်းမီးတိုင်များနှင့် လမ်းသွယ်ထဲရှိ လမ်းမီးများကို ၁ ရက်ခြား အလှည့်ကျထွန်းပေးနေသော်လည်း လမ်းမီးခ နှင့် မီတာစောင့် ရှောက်ခကိုမူ ဒေသခံများ ပုံမှန်ပေးနေရသောကြောင့် ဒေသခံများမကျေမနပ်ဖြစ်နေကြာင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။
“လျှပ်စစ်ဌာနလည်းအကျင့်မကောင်းဘူး။ လမ်းမီးတောင်နေ့တိုင်းမဖွင့်ပေးဘဲ လမ်းမီးခ ၁ လ ၁၀၀ တော့ ကောက်တယ်။ ခုဆိုရင် ၁ ညခြားတောင်မကတော့ဘူး။ မီးမလင်းတာ ၂ ညတောင်ရှိပြီ။ ပြီးရင်အလှည့် ကျလင်း တာ။ ၅ တိုင်လင်း ၅ တိုင်ပျက်ဘဲ။ ပေါက်တိုက်ရပ်ကွက်ထဲမှာ မီးတိုင်၂၀ တောင်မရှိဘူး။ အပေါ်ပိုင်းလင်း တဲ့ည ဆို အောက်ပိုင်းကမလင်းဘူး။ လမ်းမီးက မာကျူရီ၊ မီးချောင်းကြီးတောင် မဟုတ်ဘူး။ မီးချောင်းကွေးလေးဘဲ တပ်ထားပေးတယ်။ ” ဟု နမ့်ခမ်းဒေသခံ စိုင်းလ ကပြောသည်။
ပေါက်တိုက်ရပ်ကွက်မှ ဟိုကတ်ရပ်ကွက်အထိ လမ်းမီးတိုင်မှ မာကျူရီမီးလုံး ၁၀ လုံးခန့်သာရှိပြီး ညနေ ၆ နာရီမှ ည ၈ နာရီအထိသာ မီးထွန်းပေးသည်ဟု ၎င်းကပြောသည်။
နမ့်ခမ်းမြို့ပေါက်တိုက်ရပ်ကွက်သည် အိမ်ခြေ ၃၅၀ ၀န်းကျင်ရှိပြီးလျှပ်စစ်ဓါတ်အားသွယ်တန်းအသုံးပြုနိုင်သော အိမ်ခြေမှာ ၃၃၀ ခန့်သာရှိသည်။ မီတာ ၁ လုံးလျှင်မီတာစောင့်ရှောက်ခ ၁၀၀၀ ကျပ်နှင့်လမ်းမီးခ တစ်လလျှင် ၁၀၀ ကျပ်ပေးဆောင်နေရသည်ဟုဆိုသည်။
မြန်မာအစိုးရပိုင် ရွှေလီ မန့်တပ်ရေအားလျှပ်စစ်မှာမူ ပုံမှန်လည်ပတ်နေသော်လည်း ဆိုင်သုံးလျှပ်စစ်မီးခ တစ်ယူနစ်ကျပ် ရ၀ နှင့်အိမ်သုံးမီးခ တစ်ယူနစ် ၃၅ ဟူ၍ ထပ်မံခွဲခြားကောက်ခံနေကြောင်း မြို့ပေါ်ရပ်ကွက်နေ စိုင်းလိုင်းဆိုင်ကပြောသည်။
ဆန်ထွန်းကုန်းဆာမီး(တရုတ်မီး) သုံးသည့် နမ့်ခမ်းမြို့ ဆင်ခြေဖုံးရပ်ကွက်များဖြစ်သော ကွန်လုံ၊ နောင်ကောင်၊ နောင်မ၊ မန့်ဟောင်း၊ ဟိုဆိုင်း၊ မန့်နောင်၊ ဂျေဟိုင်း၊ ကုန်းဆာ၊ မန့်ကန့်၊ ကောင်းဝိန်း၊ နောင်ခန်၊ နမ့်တီး၊ နမ့်မ၊ ငွမ်အင်၊ ဟိုပုံ၊ မန့်ခမ်း ရပ်ကွက်များလည်း မီတာခ တစ်ယူနစ် ကျပ် ၂၀၀ ကို လစဉ်ပုံမှန်ပေး နေရကြောင်း၊ ရွှေလီရေအားလျှပ်စစ်မှ မီးသုံးလိုပါက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မီးကိုသွယ်တန်းရမည်ဟု လျှပ်စစ်ဌာနကပြော ကြောင်း ဒေသခံများကပြောပြသည်ဟုလည်း နမ့်ခမ်းမြို့ခံ နန်းအေးကလည်းပြောပြသည်။
“ကိုယ့်ကိုကိုယ်မီးသွယ်ဆို ထရန်စဖော်မာလိုတယ်လေ။ အဲဒီအတွက် ကျပ်သိန်း ၃၀၀ လောက်ကုန်မှာ။ နမ့်တီးရွာ နားက တောရကျောင်းလေ။ အခု အစိုးရမီးသွယ်နေတယ်။ တရုတ်မီးလိုချင်ရင်တော့ အိမ်တိုင်ရာရောက် လာတပ်ပေးတယ်။ နောက်တခုတောင်ကြောပိုင်းမှာနေတဲ့သူတွေကျတော့ တောရဆရာတော် ဦးသူရိယ မီးသုံးတယ်။ မီးအားမမှန်ဘူး။ တက်လိုက်ကျလိုက်နဲ့။ အဲလိုမျိုးပေါ့။ ကျနော်တို့ နမ့်ခမ်းဒေသခံတွေ မီးသုံးရတာ အဆင်မပြေ ဘူးဖြစ်နေတယ်” ဟု စိုင်းလှက ဆက်လက်ပြောပြသည်။
ယနေ့ခေတ် သူခိုးဓါးပြပေါများနေသဖြင့် မိဘပြည်သူများ၏ အိုးအိမ်အသက်လုံခြုံမူရှိစေရေးအတွက် လျှပ်စစ် မီးပုံမှန်ပြန်ရရန် နမ့်ခမ်းဒေသခံများလိုအပ်နေကြောင်း နန်းအေးက ဆက်လက်ပြောပြသည်။
ရွှေလီရေအားလျှပ်စစ် ဓါတ်အာပေးစက်ရုံအား တရုတ်က နည်းပညာနှင့်ငွေအရင်းအနှီးစိုက်ထုတ်ပြီး ထွက်ရှိသည့် အကျိုးအမြတ် မြန်မာအစိုးရနှင့်ထက်ဝက်စီခွဲယူကြရန်သဘောတူ ညီထားကြောင်းသိရသည်။ နမ့်ခမ်းမြို့နယ် မန့်တပ်ကျေးရွာ အနီး ၂ဝဝ၂ ၌ စတင်အကောင်အထည် ဖေါ်ခဲ့ပြီး ၂ဝဝ၉ မေလပိုင်းတွင် ဖွင့်လှစ်ခဲ့ကာ ဗမာပြည်အတွင်းပိုင်းနှင့် တရုတ်နိုင်ငံအတွင်းသို့ ၂၃ဝ နှင့် ၂၂ဝ ဗို့ ကြိုးလှိုင်းများဖြင့် သွယ်တန်းပို့ဆောင်နေသော်လည်း ဒေသခံများမှာ လျှပ်စစ်မီး အခက်အခဲကြုံတွေ့နေရဆဲဖြစ်သည်။