မသန်စွမ်းလုပ်ကိုင်ခွင့်လမ်းအတွက် Disable Business Incubation Center ဖွင့်လှစ်မည်

မသန်စွမ်းလုပ်ကိုင်ခွင့်လမ်းအတွက် Disable Business Incubation Center ဖွင့်လှစ်မည်
by -
မဇ္စျိမ

မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေစေရန်ရည်ရွယ်၍ Disable Incubation Center ကို ဖွင့်လှစ်ရန် ပြင်ဆင်နေသည်ဟု  မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ Program Director ဦးနေလင်းစိုးက မဇ္စျိမကို ပြောသည်။

Disable Business Incubation Center ကို ဇွန်လတွင်စတင်ဖွင့်လှစ်မည်ဖြစ်ပြီး  မရန်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်၊ သာယာအေးလမ်း၊  အိမ်အမှတ် ၁၇၊၁၉ တွင် စင်တာကို စတင်ဆောက်လုပ်နေပြီဖြစ်သည်။

“မသန်စွမ်းတွေ အလုပ်အကိုင်အဆင်ပြေစေဖို့အတွက် ရည်ရွယ်ပြီးဖွင့်လှစ်ရတာပါ။ ဇွန်လမှာစင်တာကို ဖွင့်ပွဲလုပ်မှာပါ။ ”ဟု ဦးနေလင်းစိုးက ဆိုသည်။

စင်တာတွင် မသန်စွမ်းသူများ အလုပ်အကိုင်အဆင်ပြေစေရန် ကွန်ပြူတာသင်တန်းနှင့် မလေးရှား ကုမ္ပဏီ တစ်ခုမှ သင်ကြားပေးမည့် အွန်လိုင်းအင်္ဂလိပ်စာ သင်တန်းကိုဖွင့်လှစ်မည်ဖြစ်ပြီး အသင်းရန်ပုံငွေရရှိရန် Internet Cafe၊ ဓါတ်ပုံဝန်ဆောင်မှုနှင့် ပုံနှိပ်စက်လုပ်ငန်းတစ်ခုကို ဖွင့်လှစ်မည်ဖြစ်သည်။

Interner Cafe နှင့် ဓါတ်ပုံဝန်ဆောင်မှုလုပ်ငန်းများတွင် မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရုံးဝန်ထမ်းများနှင့် သက်ဆိုင်ရာ ကျွမ်းကျင် နေရာများတွင် မသန်စွမ်းများကိုသာ အလုပ်ခန့်အပ်မည်ဖြစ်သည်။

“သင်တန်းတွေကအခမဲ့ပါ။ အင်္ဂလိပ်စာသင်တန်းဆိုရင် မလေးရှား ကုမ္ပဏီကို သင်တန်းသား တစ်ယောက် အတွက် ၁၅ ဒေါ်လာပေးရပါတယ်။ အဲ့ဒီငွေကို ကျွန်တော်တို့အသင်းက စိုက်ထုတ်ပေးမှာပါ။ သင်တန်းဖွင့်ရင် သတင်းစာတွေကနေလည်း ကြေညာပေးမှာပါ” ဟုဦးနေလင်းစိုးက ဆက်လက်ပြောကြားသည်။

သင်တန်းကို တက်ရောက်ရန် စိတ်ပါဝင်စားသူ မသန်စွမ်းများအနေဖြင့် သင်တန်းလျှောက်လွာကို မြန်မာနိုင်ငံ ရှေ့ဆောင်မသန်စွမ်းသူများအသင်း ဝဘ်ဆိုဒ်နှင့် အသင်းတည်ရှိရာနေရာများတွင် ရယူနိုင်မည်ဖြစ်သည်။