ရခိုင်အမျိုးသားပါတီညီလာခံ စက်တင်္ဘာလတွင် ပြုလုပ်မည်

ရခိုင်အမျိုးသားပါတီညီလာခံ စက်တင်္ဘာလတွင် ပြုလုပ်မည်
by -
နိရဥ္စရာ

ရခိုင်အမျိုးသားပါတီ၏ ပထမဆုံးသော ပါတီညီလာခံကို ယခုနှစ် စက်တင်္ဘာလတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပါတီ ပ-ခေါင်းဆောင် ဦးအေးသာအောင်က နိရဥ္စရာသို့ပြောသည်။

“ ဒီကြားထဲမှာတော့ မြို့နယ် ကော်မီတီတွေကို ဖွဲ့မယ်။ ပီးရင် မြို့နယ် ညီလာခံတွေ လုပ်မယ်။ အကုန်လုံးပြီးမှပဲ ပါတီ ဗဟိုညီလာခံကို ကျင်းပမယ်။ စက်တင်္ဘာလ နောက်ဆုံးအပတ်ထဲမှာ လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု သူက ပြောသည်။

narinjara12051403

သို့သော်လည်း ညီလာခံပြုလုပ်မည့် နေ့ရက်နှင့် နေရာကိုမူ ယခုအချိန်ထိ မသတ်မှတ်ရသေးကြောင်း သူက ပြောသည်။

ရခိုင်အမျိုးသားပါတီ၏ ပထမဆုံး ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အစည်းအဝေးကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မတ်လ ၂၃ရက်နေ့က ပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးတွင် ဥက္ကဌ ရွှေးချယ်ရေးနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲမူများ ပေါ်ပေါက်ခဲ့ပြီး ပါတီဥက္ကဌ၊ ဒုဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး စသည့်ရာထူးများအတွက် ရွေးချယ်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း ပါတီတွင်းကလာသော သတင်းများအရ သိရသည်။

သို့အတွက် ပ-ခေါင်းဆောင်အဖြစ် ဦးအေးသာအောင်၊ ဒု-ခေါင်းဆောင်အဖြစ် ဒေါက်တာအေးမောင်တို့အား  ရွေးချယ်မှုဖြင့်သာ အဆုံးသတ်ခဲ့ကြသည်။

ယခင် ရခိုင်ပါတီကြီး ၂ခုဖြစ်သည့် ALD (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)နှင့် RNDP (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ) တို့ တစ်ပါတီအဖြစ် ပူးပေါင်းဖို့ ရခိုင်လူထု၏ တောင်းဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် ရခိုင်အမျိုးသားပါတီ (ANP) တည်ထောင်ရန် နှစ်ဘက်ပါတီခေါင်းဆောင်များက ၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းနောက်ပိုင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရခိုင်အမျိုးသားပါတီ တည်ထောင်ခွင့်ကို ၂၀၁၄ခုနှစ် မတ်လ ၆ရက်နေ့က တရားဝင် ခွင့်ပြုခဲ့သည်။

ALD (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်) သည် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ၌ မြန်မာတစ်နိုင်ငံလုံးတွင် တတိယ အမတ်နေရာအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်ပြီး RNDP (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ) သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်တွင် အမတ်နေရာအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။

Most read this week