ကြံတိုင်းအောင်ခရီးသည်တင်ကား ရခိုင်တွင် တိမ်းမှောက်၍ ၁၅ ဦး ဒဏ်ရာရ

ကြံတိုင်းအောင်ခရီးသည်တင်ကား ရခိုင်တွင် တိမ်းမှောက်၍ ၁၅ ဦး ဒဏ်ရာရ
by -
နိရဥ္စရာ

စစ်တွေမှ ရန်ကုန်သို့ အသွား ကြံတိုင်းအောင် ခရီးသည်တင် ဘတ်စ်ကားတစီးသည် မေလ ၉ ရက်နေ့ နံနက် (၁၁) နာရီ အချိန် မင်းပြား အနီး တိမ်းမှောက်ခဲ့ရာ ခရီးသည် ၁၅ ဦးခန့် ဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်း ရရှိသည်။

(ဓါတ်ပုံ- ကိုဇော်-မင်းပြား)

“စုစုပေါင်း ၁၅ ဦး ဒဏ်ရာ ရပါတယ်။ ၁၃ ဦးကတော့ မနေ့က မင်းပြားကနေ စစ်တွေ ဆေးရုံကြီးကို ခေါ်လာပါတယ်။ နှစ်ဦးကတော့ ဒဏ်ရာ မပြင်းထန်တဲ့ အတွက် မင်းပြားမြို့ဆေးရုံမှာကျန်နေခဲ့ပါတယ်” ဟု စစ်တွေသွေးလှူရှင်များအသင်းမှ ကိုမောင်မောင်က နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

စစ်တွေသို့ ခေါ်ဆောင်လာသော ဒဏ်ရာရသူ ၁၃ ဦးတွင် ၃ ဦးခန့်မှာ ဒဏ်ရာပြင်းထန်သော်လည်း စိုးရိမ်ရသည့် အနေအထားတွင် မရှိကြောင်း  ကိုမောင်မောင်က ဆက်ပြောသည်။

ဒဏ်ရာရသူများအား မင်းပြားမြို့ရခိုင်လူမှု ကွန်ရက် အမှုဆောင် ဦးခင်ဇော်ဝင်းမှ ရွှေပြည်တန် လျှပ်ပြေးအမြန်မော်တော် ရေယာဉ်ဖြင့် စစ်တွေမြို့သို့ပို့ဆောင်ပေးခဲ့ပြီး ကြံတိုင်းအောင် ခရီးသည်တင် ယာဉ်လိုင်းတာ ၀န်ရှိသူများမှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ကြံတိိုင်းအောင် ခရီးသည်တင်ဘတ်စ်ကားသည် မင်းပြားမြို့နယ် နရမ်းရွာ အနီး  မိုင်တိုင်အမှတ် (၉၄) အနီးတွင် ယာဉ်မောင်းအကူ ဦးညီညီဇော် မောင်းနှင်လာစဉ် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်စဉ် ကားပေါ်တွင် ခရီးသည် ၄၀ နီးပါးခန့် ပါလာသည်ဟု သိရသည်။

Most read this week