စစ်တွေ NGO ရုံးတိုက်ခိုက်သူများအား ဆက်ဖမ်းမည်ဆိုသောသတင်းကြောင့် အချို့ ရှောင်တိမ်းနေရ

စစ်တွေ NGO ရုံးတိုက်ခိုက်သူများအား ဆက်ဖမ်းမည်ဆိုသောသတင်းကြောင့် အချို့ ရှောင်တိမ်းနေရ
by -
နိရဥ္စရာ

မတ်လ ၂၆-၂၇ ရက်အတွင်း စစ်တွေတွင် အခြေစိုက်ထားသော နိုင်ငံတကာ အန်ဂျီအိုရုံးများ တိုက်ခိုက်ခံရမူနှင့် ပတ်သက်ပြီး ဆက်စပ်သူများ၊ သင်္ကာမကင်းသူများကို ဆက်လက် ဖမ်းဆီးမည်ဟု သတင်းများ ထွက်ပေါ်နေ သဖြင့် စစ်တွေ ဒေသခံအချို့ ရှောင်တိမ်းနေကြရသည်ဟု အမည်မဖေါ်လိုသူ တစ်ဦးက ပြောသည်။

“ကျွန်တော်လည်း ဖမ်းမယ့် စာရင်းထဲမှာ ပါနေတဲ့ အတွက် ခဏ ရှောင်နေပါလို့ ပြောလာတာကြောင့် အခု စစ်တွေကနေ တခြားနေရာ တစ်ခုကို ရောက်နေပါတယ်။ ကျွန်တော်လိုဘဲ တခြား လူအချို့လည်း ခုလို ရှောင်တိမ်းနေကြရပါတယ်” ဟု နိရဥ္စရာသို့ ဖုံးထဲမှ တဆင့် သူက ပြောသည်။

narinjara12051401

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မာတေဇာ နိုင်ငံခြားအန်ဂျီအိုမှ အမျိုးသမီးတစ်ဦး သာသနာ့အလံကိုမဖွယ်မရာ ပြု လုပ်သည်ဟု သတင်းများ ပျံ့နှံ့ပြီးနောက် စစ်တွေတွင် အခြေစိုက်ထားသော နိုင်ငံတကာအိုင်အန်ဂျီအိုရုံး များကို လူအုပ်စုများက မတ်လ ၂၆ -၂၇ ရက်နေ့အတွင်း ၀ိုင်းဝန်းတိုက်ခိုက် ဖြိုဖျက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်က အန်ဂျီအိုရုံးတွေကို တိုက်ခိုက်တဲ့ အထဲမှာ ပါ၀င်တာ မဟုတ်ပါဘူး။ ပြဿ     နာ မကြီးထွားရအောင် ကြားဝင် ဖျန်ဖြေပေးခဲ့သူ ဖြစ်ပါတယ်။ အခုတော့ ဖမ်းမယ့် စာရင်းထဲမှာ ပါနေတယ်လို့ သတင်းထွက်နေတဲ့အတွက် စစ်တွေမနေမှာဘဲ တစ်ခြားဒေသ တစ်ခုကို ရောက်နေပါတယ်” ဟု ဆက်ဆိုသည်။

စစ်တွေမြို့တွင် အန်ဂျီအိုရုံးများ တိုက်ခိုက်ခံရပြီးနောက် သက်ဆိုင်ရာမှ စစ်တွေမြို့ ဓညဝတီ ရပ်ကွက်မှ အမျိုးသမီးများ အပါအဝင် လူ (၁၂) ဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးပြီးနောက် ဦးမောင်သိန်း (၅၄) နှစ်မှာ စစ်တွေ ထောင်ထဲတွင် ကွယ်လွန်သွားခဲ့သည်။

ယင်းနောက်ပိုင်းတွင် အမျိုးသမီး တစ်ဦးကို ပြစ်မှု မသေချာသဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ယခုအချိန်ထိ ၁၀ ဦးကို ဖမ်းဆီးထားပြီး ရုံးတင် စစ်ဆေးနေကြောင်း သိရသည်။ ဆက်လက်ဖမ်းဆီးမူများ ပြုလုပ်မည်ဟု ဆိုသဖြင့် လူအချို့မှာ ရှောင်တိမ်းနေကြသည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မိမိတို့ မသိရှိကြောင်း စစ်တွေ ရဲမှ တာဝန်ကျ ၀န်ထမ်း တစ်ဦးက ပြောသည်။

Most read this week