ချင်း တစ်သိန်းကျော် သန်းခေါင်စာရင်းကောက်ရန် ကျန်နေ

ချင်း တစ်သိန်းကျော် သန်းခေါင်စာရင်းကောက်ရန် ကျန်နေ
by -
မဇ္စျိမ

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပြည်ပရောက်ချင်းလူမျိုး တစ်သိန်းကျော်ကျန်ရှိနေ သည်ဟု ၂၀၁၄ သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြုကော်မတီ ညှိနှိုင်းရေးမှူး ဆလိုင်းအိုက်ဇင်ခင်က မဇ္ဈိမကို ပြောသည်။

မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အိနိ်္ဒယနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်သည့် ချင်းလူမျိုးအရေအတွက် တစ်သိန်းကျော်ကို သန်းခေါင်စာရင်း ကောက်ယူရာတွင် မေးမြန်းခြင်း ထည့်သွင်းခြင်း မပြုလုပ်သည့်အတွက် ကျန်ရစ်ခဲ့သည်ဟု ၎င်းကဆိုသည်။

ချင်းမျိုးနွယ်စု ၅၃ မျိုးရှိရာ သန်းခေါင်စာရင်းကောက်ယူမှုတွင် ချင်းလူမျိုး အမည်နာမများ လွဲမှားနေပြီး ပြည်ပရောက် ချင်းလူမျိုးများ သန်းခေါင်စာရင်းပါ၀င်နိုင်ရန်အတွက် ဗဟိုသန်းခေါင်စာရင်းကောက်ခံမှုစာရင်း ထွက်လာချိန်အထိ စောင့်ကြည့် ရဦးမည်ဖြစ်သည်ဟု ဆိုသည်။

“ဗဟိုကော်မတီက အဖြေဘယ်လိုတွေ ထွက်မယ် မသိသေးဘူး။ ထွက်လာတဲ့ အပေါ် မူတည်ပြီးပြည်ပ ရောက်ချင်းတွေ သန်းခေါင်စာရင်း ကောက်ဖို့ ကျန်နေသေးတယ်။ ဘယ်လိုတွေလုပ်ပေးမှာလည်းဆိုပြီး ထွက်လာတဲ့အဖြေပေါ်မှာ ထောက်ပြတာတွေ ဆက်လုပ်သွားမှာပါ”ဟု ဆိုသည်။

၂၀၁၄ သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြုကော်မတီကို ဗဟိုသန်းခေါင်စာရင်း ကောက်ခံမှု မပြုလုပ်မီတွင် ဖွဲ့စည်းခဲ့ပြီး ချင်းလူမျိုးများအများဆုံး နေထိုင်ကြသော ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် လေ့လာစောင့်ကြည့်ခဲ့သည်။

Most read this week