ဖမ်းဆီး ထားသည့် SNLD ပါတီဝင် ကျိုင်းတုံ တရားရုံး၌ ရမန်ယူ

ဖမ်းဆီး ထားသည့် SNLD ပါတီဝင် ကျိုင်းတုံ တရားရုံး၌ ရမန်ယူ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တပ်မတော်အား ဆက်သွယ် ထောက်ပံ့ သည်ဟု စွပ်စွဲကာ အစိုးရတပ် ခလရ ၂၄၅ မှ ဖမ်းဆီး ထားသည့် ကျိုင်းတုံ မြို့နယ် ပိန်းတောဝ့် ကျေးရွာအုပ်စု နမ့်လင်းမိုင် ရွာနေ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီဝင် စိုင်းအိုက်ဂျဲန်ကို မေလ ၉ ရက်နေ့ ကျိုင်းတုံ တရားရုံး၌ ရမန် ယူရကြောင်း ကြားသိ ရပါသည်။

ခလရ ၂၄၅ က ဖမ်းဆီးထိန်းသိမ်းထားသည့် နမ့်လင်းမိုင် ကျေးရွာ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်းပါတီ၏ (ရုံးခွဲ) ဥက္ကဌ စိုင်းဂျဲန်အား ရဲစခန်းသို့ ယမန်နေ့ လွှဲပြောင်းပေးအပ် ခဲ့ပြီး SSA သောင်းကျန်းသူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အား ဆက်သွယ်ထောက်ပံ့ သည်ဟုဆိုကာ ပ- ၅၁/၂၀၁၄ ပြစ်မှု ပုဒ်မ ၁၇/၁ မတရားအသင်းဆက်သွယ်မှုဖြင့် ခလရ ၂၄၅ က ရဲစခန်း၌အမှုဖွင့်ခဲ့သည်ကို  ကျိုင်းတုံ တရားရုံး၌  ရမန်ယူရခဲ့ကြောင်း မိသားစု အသိုင်းအဝိုင်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျိုင်းတုံမြို့ ကျားခေါင်းပါတီဝင် တဦးက - “စိုင်းအိုက်ဂျဲန်ကို ရိုက်နှက် ဖမ်း ဆီးထားတယ်တဲ့ သုံးရက်လုံးလုံး ထမင်းတနပ်မှမကျွေးဘူး၊ ဒီနေ့သူ့ကို ရဲစခန်းကနေ တရားရုံးကို ပို့တယ်။ အဲဒီမှာ ကျနော်တို့သွားတွေ့မှ သူ့ကိုထမင်းကျွေးရတာ။ စစ်တပ်ကသူ့ကို ပုဒ်မ ၁၇/၁ နဲ့ တရားစွဲ ထောင်ချမယ်တဲ့” ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

အဆိုပါ တရာစွဲဆိုစစ်ဆေးမှုနှင့်ပတ်သက်၍ ကျိုင်းတုံရဲစခန်းမှ တာဝန်ရှိသူ တဦးက “အသေးစိတ်တော့ မသိရသေးဘူး၊ အမှုဖွင့် စစ်ဆေးနေတုန်းပါ” - ဟု  သျှမ်းသံတော်ဆင့်သို့ ဖြေကြားသည်။

စိုင်းအိုက်ဂျဲန်နှင့်နီးစပ်သူတဦးက စခန်းတွင် ရိုက်နှက်စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု  ပြောပြခဲ့ကြောင်း သျှမ်းသံတော်ဆင့်သို့ ပြန်ဖြေကြားသည်။

“ခလရ ၂၄၅ က အရာရှိ စစ်သည်တွေက သူ့ကို ကျင်းတခုရှေ့မှာ ရိုက်နှက်စစ်ဆေးတယ်။ သေနတ်ဘယ်မှာ လဲဆိုတာဘဲ မေးတယ်။ သူက ‘မရှိဘူး သတ်ရင်လဲ အလကား ပဲ သေတာဘဲအဖတ်တင်မယ်။ ကျနော်က သာမာန်ပြည်သူပါဗျာ ကျနော့်မှာ ဘာမှအပြစ်မရှိဘူး တောင်း ပန်တယ်။ သေနတ်ဆိုတာလဲတခါမှ မရှိဘူး’  လို့ ဖြေတယ်တဲ့။ စစ်ဆေးလို့မရတော့တဲ့ အဆုံး သူ့ကို ရဲစခန်းပို့တာနဲ့တူတယ်” ဟု  ပြောသည်။
 
အဆိုပါစွပ်စွဲမှုနှင့်ပတ်သက်၍  သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရ စိုင်းလိတ်က  SSA တောတွင်းလက်နက်ကိုင်အဖွဲ့နှင့် ဆက်သွယ်မှုဖြင့် ပုဒ်မ ၁၇-၁ တရားစွဲမည်ဟု ပြောဆိုခြင်းသည် တရားနည်းလမ်းမကျကြောင်း၊ လက်မခံနိုင်ကြောင်း ပြောဆိုသည်။

"ဒီအချိန်မှာ ဘယ် SSA ကမှ လက်နက်ကိုင်ပြီးအစိုးရကိုပုန်ကန်နေတာမရှိဘူး။ အားလုံးက အပစ်ရပ်လက် မှတ်ထိုးပြီး ငြိမ်းချမ်းရေးတည်ဆောက်ထားတယ်။ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့ကို စစ်တပ်က သူပုန်အဖြစ် သတ်မှတ်တယ်။ သောင်းကျန်းသူ လက်နက်ကိုင်အဖြစ်သတ်မှတ်တယ်ဆိုတာ ခေတ်အခြေအနေနဲ့လည်း မကိုက်ညီဘူးပေါ့နော်။ တရားဥပဒေဆိုတာ လိုရင်လိုသလိုမလိုရင်မလိုသလို ချုံ့လို့ချဲ့လို့ရနေတဲ့အနေ အထားမျိုးတွေ့နေရတာမို့လို့ ဒီအခြေအနေအပေါ် ကျနော်တို့သက်ဆိုင်ရာ ကိုစုံစမ်းပြီး အယူခံဝင်သွားမယ်။ လိုအပ်ရင်ဥပဒေအကြောင်းအရာအရ ကျနော်တို့ရင်ဆိုင်သွားမှာ ဖြစ်တယ်” ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တို့သည် နိုင်ငံတော်အစိုးရနှင့် အပစ်ရပ်ရေးသဘောတူကာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ဆွေးနွေးထားသည့် အဖွဲ့ဖြစ်ပါသည်။

Most read this week