ရွှေတောင်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေငါးဆယ်နီးပါးပျက်စီး

ရွှေတောင်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေငါးဆယ်နီးပါးပျက်စီး
by -
မဇ္စျိမ

 ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့နယ် ကျီးသဲမြို့နှင့် ရွှေဟသာင်္ကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာတို့တွင် မေလ ရ ရက်က လေပြင်းများတိုက်ခတ်ခဲ့ပြီး အိမ်ခြေငါးဆယ်နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်ဟုဒေသခံများ ကပြောသည်။

“သစ်ပင်ပိတဲ့အိမ်ကပိ။ လုံးလုံး ချိုးချေပစ်သလိုကိုဖြစ်သွားတာ။ တစ်ခုချင်း အကုန်လွင့်ကုန်တာ။ ပေငါးရာလောက်ထိ လွင့်တာ။ လုံးလုံးပျောက်သွားတာနှစ်ဆယ့်ငါးလုံး။ သွပ်လှန်ဒိုင်းလှန်အိမ်က ဆယ့်ငါးလုံး” ဟုဒေသခံကျေးရွာသား ကိုဇော်ဇော်က မဇ္စျိမကို ပြောသည်။

ထိုနေ့ နေ့လည်(၃)နာရီခွဲက ရွေတောင်မြို့နယ် ရွှေဟသာင်္ကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာတွင် လေပြင်းတိုက်ခတ်ခဲ့ပြီး အိမ်ခြေလေးဆယ် ပျက်စီးဆုံးရှုံးခဲ့သည်။ တစ်နေ့တည်းတွင်ပင် ညနေ ၄နာရီခန့်က ရွှေတောင်မြို့နယ်အတွင်း ကျီးသဲမြို့နယ်ရှိ ချောင်းဒေါက်ရပ်ကွက်တွင် အိမ်ငါးလုံးနှင့် ရှမ်းတန်းကြီးရပ်ကွက်တွင် အိမ်သုံးလုံး ပျက်စီးခဲ့သည်ဟု ချောင်းဒေါက်ရပ်ကွက်ရာအိမ်စုမှူး ဦးမြင့်ထွန်းက မဇ္စျိမကို ပြောသည်။

“ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်လောက် လေတိုက်သွားတယ်။ တဲတစ်လုံး နဲ့ သွပ်မိုး ပျဉ်ထောင်တစ်လုံး နှစ်လုံးပြိုတယ်။ ကျန်တဲ့ငါးလုံးကအမိုးလန်တာ” ဟု ရာအိမ်စုမှူး ဦးမြင့်ထွန်းက ဆိုသည်။

နေအိမ် ပျက်စီးဆုံးရှုံးသူများကို ကျေးရွာဘုန်းတော်ကြီးကျောင်းက ဆန်ငါးအိတ် ပေးထားပြီး မီးသတ်တပ်ဖွဲ့ နှင် ့ကြက်ခြေနီ တပ်ဖွဲ့ဝင်လေးဆယ်ကျော်မှ အပျက်အစီး ရှင်းလင်းခဲ့သည်။ ရဲတပ်ဖွဲ့ဝင်(၇)ဦးကလည်း ရပ်ရွာလုံခြံုရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။

မေလ ၈ ရက်က ရွှေတောင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ် ဦးနေဦးနှင့်အဖွဲ့ လာရောက်ခဲ့ပြီး နေအိမ်ပြိုကျသွားသူများကို ဆန်(၁ဝ)ပြည် နှင့် နေအိမ်ပျက်စီးသူများကို ဆန်(၅) ပြည် ထောက်ပံ့ကူညီခဲ့သည်ဟု ရာအိမ်စုမှူးကဆိုသည်။

Most read this week