သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD နှင့် ကရင် အမျိုးသား အစည်းအရုံး KNU တို့ တိုင်းရင်းသားအရေးရှေ့ဆက် လက်တွဲ ဆောင်ရွက်သွား မည့်ကိစ္စရပ်များကို ရန်ကုန်မြို့၌ အလွှတ် သဘောတွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သတင်း ရရှိပါသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန် ဦးဆောင်သော တွဲဖက်အတွင်း ရေးမှူးအပါအဝင် ဗဟိုကော်မတီဝင် ၁၁ ဦးသည် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်အား ၂၀၁၄ မေလ ၆ ရက် နံနက် ၁၀ မှ ၁၁ နာရီခွဲအထိ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ပြည်လမ်းရှိ SNLD ဗဟိုဌာနချုပ် တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် မြန်မာ့နိုင်ငံရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေးကိစ္စ များကိုအထူးဆွေးနွေးခဲ့ကြကြောင်း SNLD တွဲဖက်အတွင်းရေးမှူး နှင့် ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က ပြောပါသည်။
“ NCCT နဲ့ UPWC တို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းတွေမှာ ဘယ်အဆင့်ရှိနေပြီလဲ။ ဘယ်အဆင့် မှာ ဘယ်လို အားနည်းချက်တွေရှိပါသလဲ၊ နိုင်ငံရေးပါတီတွေအနေနဲ့ ဘယ်လိုပူးပေါင်းပါ၀င်နိုင် တယ်ဆိုတာ လာရောက်ရှင်းပြတာပဲဖြစ်ပါတယ်။ သူတို့ ဧရာဝတီတိုင်း ထဲက ကရင်လူမှုအဖွဲ့ အစည်းတွေနဲ့အစည်း အဝေးလာရင်းနဲ့ ဒီဘက်က နိုင်ငံရေးပါတီနဲ့တွေ့ဆုံချင်တယ်ဆိုလို့ ကျနော်တို့နဲ့ တွေ့ဆုံရတာပါ ”
တွေ့ဆုံဆွေးနွေးပွဲကို SNLD ပါတီဘက်မှ ဥက္ကဋ္ဌကြီး ခွန်ထွန်းဦးနှင့် ဒု ဥက္ကဌ ၊ အထွေထွေအတွင်းရေးမှူးနှင့် ရုံးအဖွဲ့ဝင်များ ကလက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားများရရှိသင့်သော ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်သွားကြရန် ပြောဆိုဆွေးနွေးကြခဲ့သည်ဟု SNLD တွဲဖက်အတွင်းရေးမှူး နှင့် ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်ကဆက် ပြောသည်။
“စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး တိုင်းရင်းသားတိုင်းတန်းတူညီမျှရေးနဲ့ ဒီမိုကရေစီ အရေး၊ ငြိမ်းချမ်းရေး ဒီကိစ္စတွေအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကိုမရ မချင်းပူးပေါင်းဆောင်ရွက်သွားမယ်။ အပြန်အလှန် ညှိနှိုင်းပြီးတော့မှ သတင်းအချက် အလက်တွေကို ဖလှယ်ကြမယ်၊ အဲလို အကြမ်းဖျဉ်းသဘောတူညီထားပါတယ်”
KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်က မိမိတို့ သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မထောက်ခံ ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင်လည်းပါ၀င်ရန် အစီအစဉ်မရှိကြောင်း၊ SNLD ၏ နိုင်ငံရေးရပ်တည် ချက်များ ကို ထောက်ခံ ကြောင်း၊ KNU ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ အပစ်ရပ်စဲရေးလုပ်ငန်း စဉ် တွင်လည်း ဝိုင်းဝန်းလက်တွဲကာ ရပ်တည်ပေးသွားရန် အစရှိသည်တို့ပြောကြားခဲ့သည်ဟု သိရပါသည်။