ALP နှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ဆိုင်းငံ့ထားရခြင်းမှာ ရခိုင်မတည်ငြိမ်မူကြောင့်ဟုဆို

ALP နှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ဆိုင်းငံ့ထားရခြင်းမှာ ရခိုင်မတည်ငြိမ်မူကြောင့်ဟုဆို
by -
နိရဥ္စရာ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/တပ်မတော် ( ALP/ALA) နှင့် အစိုးရအကြား ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲပြုလုပ်ရန် ဆိုင်းငံ့ထားရခြင်းမှာ ရခိုင်ပြည်နယ် မတည်ငြိမ်မူများကြောင့်ဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက မေလ ၅ရက်နေ့က ပြောကြားလိုက်သည်။

“အခု ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အရေးအခင်းက ရခိုင်နဲ့ ဘင်္ဂါလီ အရေးဖြစ်တယ်။ အဲဒီ မတည်ငြိမ်မူ တွေကြောင့်  ALP အဖွဲ့နဲ့  ပြည်ထောင်စု အဆင့်ဆွေးနွေးပွဲဆီ မရောက်နိုင်ဘဲ ဖြစ်နေတယ်” ဟု ဆိုသည်။

alp

ALP နှင့် ပြည်ထောင်စု အဆင့် ဆွေးနွေးပါက တပ်နေရာချထားရေးကိစ္စကိုပါ ဆွေးနွေးရမည်ဖြစ်ရာ မတည်ငြိမ်မူ ဖြစ်နေသော ရခိုင်ပြည်နယ်တွင် ပိုမို ရှုပ်ထွေးလာနိုင်သည်ဟု ၀န်ကြီးက ဆိုသည်။

“ဆွေးနွေးလိုက်လို့ရှိရင် ဘာလုပ်ရမလဲဆိုတော့ တပ်နေရာချထားရေတွေ စဉ်းစားပေးရမယ်။ အဲဒီတော့ ကျနော်တို့က နိုင်ငံတကာက ပြောနေတဲ့ ပြဿ     နာတွေကို ရှင်းလို့ ရတော့မှာ မဟုတ်ဘူး။ ဒီတော့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို ခဏနေဦး ရခိုင်ပြည်နယ် ငြိမ်းချမ်းတော့မှ ခင်ဗျားတို့နဲ့ ကျနော် ဆွေးနွေးမယ်ဆိုပြီးတော့ အဲလို သူတို့ကို ပြောထားတယ်။ ဒါကြောင့် အမျိုးသားလုံခြံုရေးကို ကြည့်ပြီးတော့ မလုပ်သေးတာ”ဟု ဝန်ကြီးဦးအောင်မင်းကဆိုသည်။

တပ်နေရာချထားရေးကိစ္စနှင့်ပတ်သက်၍ အစိုုးရဘက်မှ စိုုးရိမ်သည့်အချက်မှာ ALP တပ်ဖွဲ့ဝင်များ ရခိုုင်ပြည်နယ်အတွင်းရှိ ဒေသများတွင် နေရာချထားပေးပြီးနောက် လူမျိုးရေးအသွင်ဆောင်သည့် လက်နက်ကိုုင် ပဋိပက္ခများ ထပ်ဖြစ်ပွားလာမည့် အရေးပင်ဖြစ်ကြာင်းဝန်ကြီးက ပြောသည်။

သို့သော် ALP အထွေထွေ အတွင်းရေးမှူး ခိုင်သုခက ပြည်ထောင်စုအဆင့် လက်မှတ်မထိုးနိုင်သေးခြင်းမှာ အစိုးရဘက်မှ နှောင့်နှေး ကြန့်ကြာနေမှုကြောင့် ဖြစ်သည်ဟု  မေလ ၅ရက်နေ့ထုတ် 7day Daily သတင်းစာတွင် ပြောဆိုသည်။

“ပြည်ထောင်စု အဆင့်ကို မသွားနိုင်တာ အစိုးရဘက်က လိုလိုအားအား မရှိလို့ မသွားနိုင်တာ။ ဘာကြောင့် လိုလိုလားလား မရှိတာလဲဆိုတာတော့ အစိုးရပဲ သိလိမ့်မယ်” ဟု  ပြောသည်။

ALP နှင့် အစိုးရအကြား ပြည်နယ်အဆင့် အပစ်ရပ်စဲရေး သဘောတူမှုကို ၂၀၁၂ ခုနှစ် ဧပြီလ ၅ရက်နေ့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ပြည်နယ်အဆင့် လက်မှတ်ရေးထိုးပွဲတွင် ALP ဘက်မှ အချက် (၁၇) ချက်တောင်းဆိုခဲ့သော်လည်း အစိုးရဘက်မှ အချက် (၅)ချက်သာ လိုက်လျော သဘောတူညီခဲ့သည်။

ALP/ALA တပ်များသည် ရခိုင်-အိန္ဒိယနယ်စပ်၊ ကရင်-ထိုင်းနယ်စပ်တို့တွင် အခြေစိုက် လှုပ်ရှားလျှက် ရှိကြောင်း သိရှိရသည်။

Most read this week