စစ်တွေသို့ ရောက်ရှိနေသောရက္ခိုင့်တပ်မတော်ကိုယ်စားလှယ်များ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

စစ်တွေသို့ ရောက်ရှိနေသောရက္ခိုင့်တပ်မတော်ကိုယ်စားလှယ်များ ဒေသခံပြည်သူများနှင့်တွေ့ဆုံ
by -
နိရဥ္စရာ

စစ်တွေမြို့သို့ ရောက်ရှိနေသည့် ကချင်အခြေစိုက် ရက္ခိုင့်တပ်မတော် (AA)မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မေလ ၅ ရက်နေ့က ရဟန်း သံဃာတော်များအပါအဝင် ဒေသခံ စစ်တွေလူထုနှင့် တွေ့ဆုံခဲ့သည်ဟု သတင်း ရရှိသည်။

တွေ့ဆုံပွဲကို ယင်းနေ့ နံနက်ပိုင်းက စစ်တွေမြို့ ပြည်တော်သာရပ်ကွက်ရှိ အောင်မြေကုန်းဘုန်းတော်ကြီး ကျောင်းတွင် နံနက် ၉ နာရီမှ ၁၁ နာရီအထိ ပြုလုပ်ခဲ့သည်။

(ဓါတ်ပုံ- Ray Lum Kyaw)

စစ်တွေလူထုနှင့်် ရက္ခိုင့်တပ်မတော် (AA) တို့ တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ကြသည့် အကြောင်းအရာများကို ရက္ခိုင့် တပ်မတော်မှ ဒုဗိုလ်မှူးကြီး ကျော်ဟန်က ယခုကဲ့သို့ပြောသည်။

“ ကျွန်တော်တို့က ကျောက်ဖြူ ရခိုင်အမျိုးသားညီလာခံရဲ့ အတွေ့အကြံု၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနဲ့ လုံခြံုရေးအတွက် ဘာတွေလုပ်သင့်တယ်၊ အဲဒီနေရာမှာ လုံခြံုရေးအတွက် ရက္ခိုင့်တပ်မတော်အနေနဲ့ ဘယ်လို အခန်းကဏ္ဍတွေမှာ ပါ၀င်ဖို့ အသင့်ရှိတယ်ဆိုတဲ့ အကြောင်းတွေကို ပြောဆိုဆွေးနွေးကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

တွေ့ဆုံပွဲကို စစ်တွေမြို့မိမြို့ဖများ၊ ရခိုင်လူမှုအဖွဲ့အစည်းများမှ အဖွဲ့ဝင်များ၊ ရဟန်းသံဃာတော်များနှင့် လူငယ်များ တက်ရောက် ခဲ့ကြသည်။

ရက္ခိုင့်တပ်မတော်် အပေါ်အမြင် သဘောထားများကိုလည်း မေးမြန်းခဲ့ကြကြောင်း ဒုဗိုလ်မှူးကြီးကျော်ဟန်က ပြောသည်။

“ ဘာကြောင့် ရက္ခိုင့်တပ်မတော်ကို တည်ထောင်ရသလဲ။ ရက္ခိုင့်တပ်မတော် သဘောထားက ဘယ်လိုရှိလဲ။ ရက္ခိုင့်တပ်မတော်ရဲ့ ရပ်တည်ချက်တွေကဘာတွေလဲ စသဖြင့်ပေါ့လေ တက်ရောက်လာတဲ့သူတွေက မေးကြတာတွေရှိပါတယ်။ လူထုက ကျနော်တို့ရဲ့ အခြေအနေကို အရမ်းသိချင်ကြတယ်။ ကျနော်တို့က လည်း  ပြန်လည် ရှင်းပြ ပြောဆိုခဲ့ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်သူများနှင့် ရက္ခိုင့်တပ်မတော်သားများ တွေ့ဆုံခွင့်ရသည့်အတွက် ရက္ခိုင့်တပ်မတော်နှင့် ပြည်သူ ကြား တွင်ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းတစ်ခု ဖြစ်ကြောင်းလည်း သူကဆိုသည်။

(ဓါတ်ပုံ- Ray Lum Kyaw)

“ကျွန်တော်တို့က ရခိုင်ပြည်သူတွေနဲ့ ထိတွေ့ခွင့်ရတယ်။ ပြည်သူတွေရဲ့ လိုလားချက်တွေ၊ မျှော်လင့်ချက် တွေကိုလည်း သိရသလို ရက္ခိုင့်တပ်မတော်က ရခိုင်ပြည်သူတွေအပေါ် ဘယ်လို သဘောထား ရှိတယ်။ ပြည်သူနဲ့ ရက္ခိုင့် တပ်မတော် တသားတည်းရှိတယ်ဆိုတာကို ပြောပြခွင့်ရတယ်။ ဒါကြောင့် ကျွန်တော်တို့ ရပ်တည်ချက် ကိုလည်း ပြည်သူတွေသိခွင့်ရတယ်။ ပြည်သူတွေရဲ့ ဘဘောထားတွေကိုလည်း သိခွင့်ရတဲ့အတွက် အပြန်အလှန် နှစ်ဘက်လုံးက ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းရရှိခဲ့ပါတယ်” ဟု ဆိုသည်။

ရက္ခိုင့်တပ်မတော် ကိုယ်စားလှယ်များအနေဖြင့် ယခုခရီးစဉ်တွင် အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် အစီ အစဉ် တချို့ရှိကြောင်း၊ အစိုးရအနေဖြင့် သူတို့အပေါ် မည်သို့သဘောထားမည်ကို မသိရှိကြောင်း၊ ရက္ခိုင့် တပ်မတော်အနေဖြင့် ရခိုင်ပြည်သူများလိုလားသည့် လုံခြံု၊ တိုးတက်ရေး အချက်များကို အစိုးရကို တင်ပြ တောင်းဆို ထားမှုများရှိကြောင်း၊ အစိုးရအနေဖြင့် ယင်းတောင်းဆို အချက်များအပေါ် မည်သို့ အကောင်အထည် ဖော်မည်ဆိုသည်မှာ အစိုးရနှင့်သာသက်ဆိုင်မည်ဖြစ်ကြောင်း သူကပြောဆိုသွားသည်။

ရက္ခိုင့်တပ်မတော် ကိုယ်စားလှယ်များမှာ ကျောက်ဖြူ ရခိုင်အမျိုးသားညီလာခံတက်ပြီး မေလ ၄ ရက်နေ့က စစ်တွေမြို့ သို့ ရောက်ရှိလာခြင်းဖြစ်သည်။

စစ်တွေမြို့သို့ ရောက်ရှိလာသည့် ရက္ခိုင့်တပ်မတော် ကိုယ်စားလှယ်များကို ထောင်ပေါင်းများစွာသော စစ်တွေ မြို့ခံများက ကြိုဆိုခဲ့ကြသည်။

Most read this week