တပ်မတော်စစ်ကြောင်းမှ ပစ်ခတ်မှုကြောင့် ဗန်းမောက်မြို့နယ်တွင် ဧပြီ ၁ ရက် ည ၈ နာရီခွဲခန့်က ဒေသ ခံရွာသားတစ်ဦးသေဆုံးခဲ့သည်ဟု ဗန်းမောက်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မှ စစ်ကိုင်းတိုင်း အမတ် ဦးအောင်ရွှေက ပြောသည်။
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက် မြို့နယ်၊ နန်းမားကျေးရွာအုပ်စု၊ နန်းအော့ကျေးရွာ အမကကျောင်း ဝင်းအတွင်းတွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
“သတ္တုတူးဖော်ရေးကုမ္ပဏီပိုင်တစ်ခုရဲ့ ဘက်ဟိုးယာဉ်တစ်စီး မီးရှို့ဖျက်ဆီးခံရလို့ တပ်မတော်စစ်ကြောင်း က အဲဒီဘက်ကို စစ်ကြောင်းထိုးနေတာပါ။ ကချင်ပြည်နယ်နဲ့က နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် ဆက်ကြေးကောက်ခံရတာတွေလည်း အကြိမ်ကြိမ်ရှိပါတယ်”ဟု ဦးအောင်ရွှေက ပြောသည်။
ခလရ(၆၂၈)တပ်မှ စစ်ကြောင်းမှူး ဗိုလ်မှူးအောင်မြဌေးနှင့် အဖွဲ့သည် နယ်မြေ ရှင်းလင်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အဆိုပါကျေးရွာသို့ ရောက်ရှိနေစဉ် ဧပြီလ ၁ ရက် ည ၈ နာရီခွဲခန့်တွင် စစ်ကြောင်းတပ်ဖွဲ့ ဝင်နှစ်ဦးက ဒေသခံရွာသား ကိုစိုးအောင်ဆိုသူအား စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ ကြိုးဖြင့်တုပ်နှောင်၍ စာသင်ကျောင်းဝင်းအတွင်းသို့ ခေါ်ဆောင်ကာ စစ်ကြောင်းဗိုလ်မှူးက စစ်ဆေးမေးမြန်းခဲ့ပြီးနောက် နေအိမ်သို့ ပြန်လွှတ်လိုက်သည်ဟု ဆိုသည်။
သို့သော် ကိုစိုးအောင် ဆိုသူသည် စာသင်ကျောင်းဝင်းအနီးရှိ ဒေါ်နှင်းရီ၏ နေအိမ်ကုန်စုံဆိုင်၌ ထိုင်နေခဲ့ သည်။ ထိုအချိန်တွင် ဒေါ်နှင်းရီ၏ စျေးဆိုင်ရှိ စားပွဲခုံပေါ်တွင်ထားရှိသော လက်နှိပ်ဓာတ်မီးကို စစ်ကြောင်း အဖွဲ့မှ တပ်သားတစ်ဦးက စာသင်ကျောင်းဝင်းအတွင်းသို့ ယူဆောင်သွားသဖြင့် ကိုစိုးအောင်က လက်နှိပ် ဓာတ်မီး ပြန်လည်ယူဆောင်ရန် စာသင်ကျောင်းဝင်း အတွင်းသို့ လိုက်ပါသွားခဲ့စဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်နှင်းရီ ၏ စျေးဆိုင်သို့ စျေးဝယ်လာသူ ဒေသခံရွာသားတစ်ဦးက ထိုနေ့ ညက ဖြစ်ပွားခဲ့သောဖြစ်စဉ်ကို မံစီကြီးနယ်မြေ ရဲစခန်း ရဲအုပ်ထွန်းလင်းခိုင်နှင့် အဖွဲ့ထံ ပြောဆိုထား သည်။
ဧပြီလ ၂ ရက် နံနက်ပိုင်းတွင် ဗန်းမောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်း၊ မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူး တင်မောင်၊ ဗျူဟာမှူး ဗိုလ်မှူးကြီး သက်အောင်ဇင်တို့အဖွဲ့သည် အခင်းဖြစ်ပွားရာသို့သွား ရောက်ကာ သေဆုံးသူ၏ရုပ် အလောင်းကိုလည်း မြေမြှုပ်သင်္ဂြိုလ်ခြင်း ပြုလုပ်မထားရန် စစ်ကြောင်းမှူး ဗိုလ်မှူး အောင်မြဌေးထံ အကြောင်းကြားထားခဲ့ သေးသည်ဟု ဦးအောင်ရွှေကပြောသည်။
လူသေဆုံးခဲ့ရသည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧပြီ ၄ ရက် မွန်းလွဲပိုင်းတွင် မဇ္ဈိမ က ဗန်းမောက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက “ရဲမှူးတင်မောင် ခရီးသွားနေ ပါတယ်။ အဲ့ဒီ သေနတ်ပစ်ခတ်မှုနဲ့ လူသေဆုံးခဲ့ရတဲ့ကိစ္စကို မံစံကြီးနယ်မြေရဲစခန်းက (ပ) ၁၆/ ၂ဝ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂ အရ အမှုဖွင့်ထားပါတယ်”ဟု ဖြေဆိုသည်။